တရုတ်အဆိုပြုချက်များသည် "ကမ္ဘာ့ တောင်ဘက်ခြမ်း"၏ အသံများ ပိုမို ကျယ်လောင်လာစေ

(GMT+08:00)2024-10-26 09:47:26  

   ကမ္ဘာ့အခြေအနေ ရာစုနှစ် ပြောင်းလဲမှုများ ဖြစ်ပွားနေသည့် ယခုလို အချိန်အခါတွင် BRICS ပူးပေါင်းဆောင်ရွက်ရေးစနစ်သည် "ကမ္ဘာ့ တောင်ဘက်ခြမ်း" နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ ဦးဆောင်သနည်း၊ နိုင်ငံတကာ စည်းစနစ် ပြုပြင်ပြောင်းလဲမှု၏ အဓိက အင်အားအဖြစ် မည်သို့ ထမ်းဆောင်မည်နည်း။ ယင်းနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က "BRICS+" ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတွင် "ငြိမ်းချမ်းရေး"၊" ဖွံ့ဖြိုးရေး"နှင့် "ယဉ်ကျေးမှု" တို့ကို သော့ချက်ကျ ဝေါဟာရများဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က အဆိုပြုချက် သုံးရပ်ကို ဖော်ပြခဲ့ပြီး ယင်းတို့သည် ငြိမ်းချမ်းရေးကို စွဲကိုင်ပြီး ဘုံလုံခြုံရေးကို ဖော်ဆောင်ရန်၊ ဖွံ့ဖြိုးရေးကို ပြန်လည် ရှင်သန်စေပြီး ကျယ်ပြန့်သော စည်ပင်သာယာရေးကို ဖော်ဆောင်ရန်နှင့် ယဉ်ကျေးမှုကို အတူ ထွန်းကားစေပြီး ကဏ္ဍစုံ သင့်မြတ်ဖော်ရွေရေးကို ဖော်ဆောင်ရန်တို့ ဖြစ်ပါသည်။

   ရုရှား သိပ္ပံပညာ တံခွန်အသင်းကြီး တရုတ်နှင့် ခေတ်မီအာရှ သုတေသနဌာန ဌာနမှူး ပါဘာယဲ့ဗ်က "ကမ္ဘာ့ တောင်ဘက်ခြမ်း"၏ ရည်မှန်းချက်သည် လူသားတစ်ရပ်လုံး အတွက် တရားမျှတစွာ သဘောထားခြင်းနှင့် ဗိုလ်ကျစိုးမိုးရေး ကင်းမဲ့ခြင်းအပေါ် အခြေခံထားသော အနာဂတ်သစ်ကို တည်ထောင်ရန် ဖြစ်ပြီး တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် အတူ နိုင်ငံတကာ စည်းစနစ်ကို ပိုမို တရားမျှတသော ဦးတည်ချက် အတိုင်း တိုးတက်စေရန် တွန်းအားပေးနေကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ အဆိုပြုချက် သုံးရပ်သည်  BRICS နိုင်ငံများနှင့် "ကမ္ဘာ့ တောင်ဘက်ခြမ်း"နိုင်ငံများ၏ ဘုံမျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။

   မျက်မှောက်အချိန်တွင် နိုင်ငံတကာမှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဦးမော့ လာနေပြီး တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းနိုင်ငံများအကြား ဟွာဟမှုသည် အဆက်မပြတ် တိုးချဲ့လာနေကာ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှု အားနည်းနေပါသည်။ ထို့ကြောင့် "ကမ္ဘာ့ တောင်ဘက်ခြမ်း" နိုင်ငံများ၏ ရှင်သန်ရေးလမ်းကြောင်းသည် တစ်လျှောက်လုံး ချောမောသွားမည် မဟုတ်ပေ။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် BRICS ပူးပေါင်းဆောင်ရွက်ရေးစနစ်က "ကမ္ဘာ့ တောင်ဘက်ခြမ်း" ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်ခြင်းသည် လက်တွေ့လိုအပ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်ရုံသာမက ဘုံမျှော်လင့်ချက်များနှင့်လည်း ကိုက်ညီပါသည်။ ယခု "ကမ္ဘာ့ တောင်ဘက်ခြမ်း" နိုင်ငံများ၏ စီးပွားရေး ပမာဏသည် ကမ္ဘာ့ စီးပွားရေး စုစုပေါင်းပမာဏ၏ ၄၀ ရာခိုင်နှုန်းကျော် ရှိပြီး ယင်းတို့အနက် BRICS မိသားစုကြီး၏ စီးပွားရေး စုစုပေါင်းပမာဏသည် ကမ္ဘာ့ စီးပွားရေး စုစုပေါင်းပမာဏ၏ ၃၀ ရာခိုင်နှုန်း ရှိနေသည်။ BRICS စည်းစနစ်သည် "ကမ္ဘာ့ တောင်ဘက်ခြမ်း" ကို ဦးဆောင်ပြီး ခေတ်မီရေးသို့ အတူ လျှောက်လှမ်းနိုင်စွမ်း ရှိပါသည်။

   ခေတ်မီရေးသည် လူသားများ၏ ဘုံ ရည်မှန်းချက် ဖြစ်သည်။ "ကမ္ဘာ့ တောင်ဘက်ခြမ်း" နိုင်ငံများ ခေတ်မီရေးသို့ အတူ ချီတက်သွားကြခြင်းသည် ကမ္ဘာ့သမိုင်းစဉ်တွင် အရေးကြီးသည့် အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ ခေတ်မီရေး အောင်မြင်မှုရလဒ်များဖြင့် နိုင်ငံတိုင်းနှင့်လူတိုင်းကို အကျိုးခံစားစေရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန်တို့သည် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှု ဦးတည်ချက် ဖြစ်သည့်အပြင်  "ကမ္ဘာ့ တောင်ဘက်ခြမ်း" နိုင်ငံများ စည်းလုံညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၏ ရည်မှန်းချက်လည်း ဖြစ်သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။