ဒေသ စံတော်ချိန် ယခုလ ၂၃ရက်နေ့ နံနက်ပိုင်းက ၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို Kazan ကွန်ဖရင့်နှင့် ပြပွဲစင်တာတွင် ကျင်းပခဲ့သည်။ ရုရှား သမ္မတ ပူတင်သည် တွေ့ဆုံဆွေးနွေးပွဲကို ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၊ ဘရာဇီး နိုင်ငံ သမ္မတ လူလာ(အွန်လိုင်းဖြင့်)၊ အီဂျစ် သမ္မတ Sisi၊ အိန္ဒိယ သမ္မတ Modi၊ အီရန် သမ္မတ Pezeshkianနှင့် တောင်အာဖရိက နိုင်ငံ သမ္မတ Ramaphosaစတို့ တက်ရောက်ခဲ့ကြသည်။
ရှီကျင့်ဖိန်သည် အရင်က အတိုင်းအတာငယ်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ ရှီကျင့်ဖိန်သည် BRICS အဖွဲ့ဝင်သစ်များကို ကြိုဆိုပြီး BRICS မိတ်ဖက် နိုင်ငံ အဖြစ် ပါဝင်ရန် နိုင်ငံများစွာအား ဖိတ်ကြားခဲ့သည်။ ရှီကျင့်ဖိန်က မိမိတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး မူများကို စွဲကိုင်ပြီး BRICSအင်အားကို ပြသသင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ပြီးနောက် ရှီကျင့်ဖိန်သည် အတိုင်းအတာကြီးမားသည့် အစည်းအဝေးသို့ တက်ရောက်ပြီး အနာဂတ် BRICS ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အကြံပေးချက် ၅ချက်ကို တင်ပြခဲ့သည်။ ရှီကျင့်ဖိန်က မိမိတို့သည် “ငြိမ်းချမ်းသော BRICS”ကို တည်ဆောက်ပြီး အတူတကွ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်သူ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် “ဆန်းသစ်တီထွင်သော BRICS”ကို တည်ဆောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်သည့် ရှေ့ဆောင်လမ်းပြ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် “မြစိမ်းရောင် BRICS”ကို တည်ဆောက်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ဖော်ဆောင်သူ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် “တရား မျှတသော BRICS”ကို တည်ဆောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သူ အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် “လူမှုယဉ်ကျေးမှု BRICS”ကို တည်ဆောက်ပြီး ယဉ်ကျေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သင့်မြတ်သာယာစွာ အတူ ယှဉ်တွဲနေထိုင်ရေးကို စွဲကိုင်သူ အဖြစ် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။
နောက်ဆုံးတွင် ရှီကျင့်ဖိန်က တရုတ် နိုင်ငံသည် BRICSနိုင်ငံများနှင့် BRICS ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ ဖော်ဆောင်လိုကြောင်း အလေးထား ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ထိပ်သီးခေါင်းဆောင်များသည် “ဘက်ပေါင်းစုံ ဝါဒကို အားကောင်းစေပြီး တရားမျှတသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လုံခြုံရေးကို တိုးမြှင့်ရန်” ခေါင်းစဉ်နှင့် ပတ်သက်ပြီး BRICS ပူးပေါင်းဆောင်ရွက်ရေး၊ အများက အတူတကွ စိတ်ဝင်စားကြသော အရေးကြီး နိုင်ငံတကာ ပြဿနာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် “၁၆ကြိမ်မြောက် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ Kazanကြေညာချက်”ကို ထုတ်ပြန်ပြီး BRICSမိတ်ဖက် နိုင်ငံ ထားရှိမည်ဟု ကြေညာခဲ့သည်။