အမြင်ကျယ်ကျယ်ဖြင့် စိန်ခေါ်မှုမြူမှိုင်းများကိုထိုးဖောက်ကာ “မဟာ BRICS ပူးပေါင်းဆောင်ရွက်မှု” ကို အရည်အသွေးမြင့်စွာဖွံ့ဖြိုးတိုးတက်စေခြင်း

(GMT+08:00)2024-10-24 16:41:10  

အမြင်ကျယ်ကျယ်ဖြင့် စိန်ခေါ်မှုမြူမှိုင်းများကိုထိုးဖောက်ကာ “မဟာ BRICS ပူးပေါင်းဆောင်ရွက်မှု” ကို အရည်အသွေးမြင့်စွာဖွံ့ဖြိုးတိုးတက်စေခြင်း
(၁၆) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ ပြောကြားသည့်မိန့်ခွန်း
(၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့၊ ကာဇန်မြို့)

လေးစားအပ်ပါသော သမ္မတ ပူတင် နှင့်တကွ လုပ်ဖော်ကိုင်ဖက်များ ခင်ဗျား
ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာဖွင့်လှစ်ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။ ပြည့်ပြည့်စုံစုံစီစဉ်ပေးပြီး နွေးနွေးထွေးထွေး ဧည့်ခံကြိုဆိုတဲ့ သမ္မတ ပူတင် နဲ့ အိမ်ရှင်ရုရှားနိုင်ငံကို ကျေးဇူးတင်ပါတယ်။ ယနေ့အချိန်အခါသမယမှာ BRICS မိသားစုကြီးထဲ အဖွဲ့ဝင်သစ်များ ဝင်ရောက်လာခြင်းကို ကျွန်တော် ထပ်မံကြိုဆိုလိုက် ပါတယ်။ အဖွဲ့ဝင်တိုးချဲ့ခြင်းဟာ BRICS ဖွံ့ဖြိုးတိုးတက်မှုသမိုင်းမှာ အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံတကာအခြေအနေ ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဉ်များရဲ့ အထင်ကရကိစ္စရပ်လည်း ဖြစ်ပါတယ်။ ယခုအကြိမ် ထိပ်သီးအစည်းအဝေးမှာ BRICS မိတ်ဖက်နိုင်ငံများအဖြစ် နိုင်ငံအများအပြားကို ဖိတ်ကြားရန် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ BRICS ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့တိုးတက်မှု နောက်တစ်ခုလည်း ဖြစ်ပါတယ်။ “သီလသမာဓိရှိသူဟာ ဖြောင့်မတ်မှန်ကန်မှုကို အမြတ်ဆုံးအကျိုးအဖြစ် ယူဆတယ်။” လို့ တရုတ်လူမျိုးတွေ မကြာခဏပြောလေ့ရှိပါတယ်။ BRICS နိုင်ငံများ အတူလက်တွဲနိုင်ခြင်းဟာ တူညီတဲ့လိုလားတောင့်တမှုတွေကို အခြေခံပြီး ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနဲ့ လိုက်လျောညီထွေစွာ ဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ ယခု အကြိမ် ထိပ်သီးအစည်းအဝေးကို ကောင်းစွာအသုံးချပြီး BRICS ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းကာ အခြေအနေတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့၊ ဦးတည်ချက်ရှိတဲ့၊ မဟာဗျူဟာမြောက်တဲ့ ကိစ္စရပ်တွေကို ကောင်းမွန်စွာစီစဉ်ရေးဆွဲရပါမယ်။ BRICS နိုင်ငံများအတူ စိတ်တူကိုယ်တူနဲ့ ရဲရဲဝံ့ဝံ့ဇွဲလုံ့လရှိစွာ ရှေ့သို့ချီတက်နိုင်အောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ မငြိမ်မသက်မှုနဲ့ အပြောင်းအလဲကာလသစ်ကို ရောက်ရှိနေပြီး အရေးကြီးတဲ့ဆုံးဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာကြီး မငြိမ်မသက်ဖြစ်နေမှုကို လက်ပိုက်ကြည့်နေမလား၊ ဒါမှမဟုတ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ပြန်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြမလား။ ရုရှားစာရေးဆရာ Nikolay Chernyshevsky ရေးသားခဲ့တဲ့ “What Is to Be Done” ကို ကျွန်တော် အမှတ်ရမိပါတယ်။ ဒီဝတ္ထုထဲကဇာတ်ကောင်ရဲ့ မယိမ်းမယိုင်တဲ့စိတ်ဆန္ဒနဲ့ စိတ်အားထက်သန်မှုဟာ လက်ရှိ ကျွန်တော်တို့လိုအပ်နေတဲ့ စိတ်ဓာတ်ခွန်အားပါပဲ။ ခေတ်ကာလရဲ့လှိုင်းတံပိုးတွေ ပိုကြီးမားလေလေ၊ ကျွန်တော်တို့က ရှေ့တန်းမှာ ပိုပြီးမားမားမတ်မတ်ရပ်တည်ကာ မယိမ်းမယိုင်တဲ့ ဇွဲလုံ့လသတ္တိတွေနဲ့ ပြောင်းလဲမှုတွေနဲ့လိုက်လျောညီထွေမှုရှိတဲ့ တွေးတောကြံဆမှုများဖြင့် BRICS အား “ကမ္ဘာ့တောင်ဘက်ခြမ်း” စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးတဲ့ အဓိကလမ်းကြောင်းအဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်ပေးတဲ့ ရှေ့ဆောင်ခွန်အားအဖြစ် ဖန်တီးတည်ဆောက်ရမှာဖြစ်ပါတယ်။
“ငြိမ်းချမ်းမှုရှိတဲ့ BRICS” ကိုတည်ဆောက်ပြီး ဘုံလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းသူများ ဖြစ်ရပါမယ်။ လူသားတို့ဟာ ခွဲခြား၍မရတဲ့ လုံခြုံရေးအသိုက်အဝန်း ဖြစ်ပါတယ်။ တူညီမှု၊ အထွေထွေကျယ်ပြန့်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့မှု တို့ရှိတဲ့ လုံခြုံရေးအမြင်ကို လက်တွေ့ကျင့်သုံးမှသာ ကျယ်ကျယ်ပြန့်ပြန့် လုံခြုံမှုရှိတဲ့လမ်းကြောင်းတစ်ခုကို လျှောက်လမ်းနိုင်မှာဖြစ်ပါတယ်။ ယူကရိန်းအကျပ်အတည်း ဆက်လက်တည်ရှိနေပါတယ်။ တရုတ်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံက သက်ဆိုင်ရာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများနဲ့အတူ ယူကရိန်းအကျပ်အတည်းဆိုင်ရာ “ငြိမ်းချမ်းရေးမိတ်ဆွေများ” အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးကို ထောက်ခံအားပေးတဲ့အသံများကို ပိုမိုစုဆောင်းနိုင်ရန်ဖြစ်ပါတယ်။ ကျွန်တော်တို့က “စစ်မြေပြင် မကျယ်ပြန့်လာစေရေး၊ စစ်ပွဲအရှိန်မမြင့်စေရေး၊ သက်ဆိုင်သူအသီးသီးမှ မီးလောင်ရာလေပင့်မှုမရှိစေရေး” အခြေခံမူသုံးရပ်ကို လက်ကိုင်စွဲထားပြီး အမြန်ဆုံး အခြေအနေပြေလျော့လာစေရန် တွန်းအားပေး ဆောင်ရွက်ရပါမယ်။ ဂါဇာဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆက်တိုက်ဆိုးရွားနေပြီး လက်ဘနွန်မှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေပါတယ်။ သက်ဆိုင်သူများအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာပါတယ်။ ကျွန်တော်တို့က အမြန်ဆုံးအပစ်အခတ်ရပ်စဲရန်၊ သတ်ဖြတ်မှုများရပ်တန့်ရန် တိုက်တွန်းပြီး ပါလက်စတိုင်းပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်၊ တရားမျှတပြီး ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
“ဆန်းသစ်တီထွင်မှုရှိတဲ့ BRICS” ကိုတည်ဆောက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရှေ့ဆောင်အဖြစ် လုပ်ဆောင်ရပါမယ်။ နောက်တစ်ကြိမ်အသစ်ပေါ်ပေါက်လာတဲ့ သိပ္ပံနည်းပညာတော်လှန်ရေးနဲ့ စက်မှုအသွင်ကူးပြောင်းရေး အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ကျွန်တော်တို့က ခေတ်နဲ့အမီလိုက်ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားများကို မွေးမြူရပါမယ်။ တရုတ်နိုင်ငံက မကြာသေးမီက တရုတ်-BRICS ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ထူထောင်ထားပြီး သက်ဆိုင်သူအားလုံးနဲ့အတူ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်ရန်၊ ဉာဏ်ရည်တုရဲ့စွမ်းအားကို ဖော်ထုတ်ရန် ဆန္ဒရှိပါတယ်။ တရုတ်နိုင်ငံက BRICS ပင်လယ် ရေနက်ပိုင်းအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာသုတေသနစင်တာ၊ BRICS အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ BRICS စက်မှုစွမ်းရည်ဆိုင်ရာ တရုတ်စင်တာ၊ BRICS ဒစ်ဂျစ်တယ် လုပ်ငန်း ဂေဟ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက် တို့ကို တည်ထောင်မှာဖြစ်ပါတယ်။ သက်ဆိုင်သူများအားလုံး တက်တက်ကြွကြွပါဝင်ကြပြီး BRICS ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်မား အဆင့်မြှင့်တင်နိုင်ရေးအတွက် တွန်းအားပေးကြရန် ဖိတ်ခေါ်ပါတယ်။
“စိမ်းလန်းစွာဖွံ့ဖြိုးတိုးတက်တဲ့ BRICS” ကိုတည်ဆောက်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတက်ရေးကို မြှင့်တင်သူများအဖြစ် ဆောင်ရွက်ရပါမယ်။ အစိမ်းရောင်ဆိုတာ ယနေ့ခေတ်ရဲ့ နောက်ခံအရောင်ဖြစ်ပြီး BRICS နိုင်ငံများဟာ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ အသွင်ကူးပြောင်းမှုမှာ တက်တက်ကြွကြွ ပေါင်းစည်းပါဝင်ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကား၊ လီသီယမ်ဘက်ထရီ၊ Photovoltaics ထုတ်ကုန် စတဲ့အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းရည်များက ကမ္ဘာကြီး စိမ်းလန်းစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အကူအညီများ ပံ့ပိုးပေးနေပါတယ်။ တရုတ်နိုင်ငံက ကိုယ်ပိုင်အားသာချက်များကို ဖော်ထုတ်ပြီး အစိမ်းရောင်စက်မှုလုပ်ငန်း၊ သန့်ရှင်းစွမ်းအင်နဲ့ အစိမ်းရောင်သတ္တုတူးဖော်ရေးလုပ်ငန်းတို့မှာ BRICS နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊ စက်မှုကွင်းဆက်တစ်ခုလုံး “စိမ်းလန်းစွာ” ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊ “စိမ်းလန်းမှုများနဲ့ပြည့်စုံစွာ” ပူးပေါင်းဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးများကို မြှင့်တင်ရန် ဆန္ဒရှိပါတယ်။
“တရားမျှတမှုရှိတဲ့ BRICS” ကိုတည်ဆောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်သူများအဖြစ် ဆောင်ရွက်ရပါမယ်။ နိုင်ငံတကာပါဝါယှဉ်ပြိုင်မှုများ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုမှာ အချိန်အတော်ကြာ နှောင့်နှေးနေပါတယ်။ ကျွန်တော်တို့က စစ်မှန်တဲ့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို လက်တွေ့ကျင့်သုံးပြီး အတူတိုင်ပင်ဆွေးနွေးမှု၊ အတူတည်ဆောက်မှု၊ အတူမျှဝေမှု ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးအမြင်များကို လက်ကိုင်စွဲကာ တရားမျှတမှုနဲ့ဖြောင့်မတ်မှု၊ ပွင့်လင်းမှုနဲ့အားလုံးပါဝင်မှု ဆိုတဲ့သဘောတရားများဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က “ကမ္ဘာ့တောင်ဘက်ခြမ်း” တိုးတက်ထွန်းကားလာတဲ့အခြေအနေနဲ့ လိုက်လျောညီထွေစွာဆောင်ရွက်ပြီး BRICS ပူးပေါင်းဆောင်ရွက်မှုယန္တရားသို့ နိုင်ငံအသီးသီးဝင်ရောက်ဖို့ တောင်းဆိုချက်များကို တက်တက်ကြွကြွ တုံ့ပြန်ကာ အဖွဲ့ဝင်တိုးချဲ့မှုနဲ့ မိတ်ဖက်နိုင်ငံများထူထောင်မှု လုပ်ငန်းစဉ်ကို တွန်းအားပေး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးလုပ်ငန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကိုယ်စားပြုမှုနဲ့ ပြောဆိုခွင့်တို့ကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတကာဘဏ္ဍာရေးဖွဲ့စည်းမှုပုံစံကို ပြုပြင်ပြောင်းလဲရန် ပိုမိုဖိအားပေးနေပါတယ်။ BRICS နိုင်ငံများဟာ ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ပြီး ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ဘဏ္ဍာရေးလုံခြုံမှုကို အဆင့်မြင့်စွာ ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်ကို ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်ရပါမယ်။ နိုင်ငံတကာဘဏ္ဍာရေးစနစ်က ကမ္ဘာ့စီးပွားရေးစနစ် အခင်းအကျင်းရဲ့အပြောင်းအလဲများကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်မှုရှိစေရန် ဆောင်ရွက်ရပါမယ်။
“ပြည်သူချင်း ကူးလူးဖလှယ်မှုရှိတဲ့ BRICS” ကိုတည်ဆောက်ပြီး ယဉ်ကျေးမှုအားလုံး သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်ရေးအတွက် နှိုးဆော်သူများအဖြစ် ဆောင်ရွက်ရပါမယ်။ BRICS နိုင်ငံများဟာ လေးနက်တဲ့သမိုင်းကြောင်းနဲ့ ထွန်းပြောင်တဲ့ယဉ်ကျေးမှုတွေ  ရှိကြပါတယ်။ ကျွန်တော်တို့က မတူညီတဲ့ယဉ်ကျေးမှုများ  အကြား အပြန်အလှန် သက်ညှာထောက်ထားပြီး အတူယှဉ်တွဲတည်ရှိရန်၊ တိုင်းရေးပြည်ရာ စီမံအုပ်ချုပ်မှုအတွေ့အကြုံများ ကူးလူးဖလှယ်မှုများ တိုးမြှင့်ရန်၊ ပညာရေး၊ အားကစား၊ အနုပညာ စတဲ့ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ဖော်ထုတ်ရန်၊ မတူညီတဲ့ယဉ်ကျေးမှုများ အပြန်အလှန်ပနံသင့်နေစေပြီး BRICS ရဲ့ ရှေ့ဆက်မယ့်ခရီးလမ်းကို အလင်းပေးနိုင်စေရန် တက်တက်ကြွကြွ တိုက်တွန်းနှိုးဆော်ပါတယ်။ ယမန်နှစ်က ကျွန်တော် BRICS ဒစ်ဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုအစီအမံကို အဆိုပြုခဲ့ပြီး ဒီယန္တရားကို အကောင်အထည်ဖော်နိုင်တာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ တရုတ်နိုင်ငံက BRICS ဒစ်ဂျစ်တယ်ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ပြီး အနာဂတ် ၅ နှစ်အတွင်း BRICS နိုင်ငံများမှာ ပင်လယ်ရပ်ခြားသင်ယူလေ့လာရေးစင်တာ ၁၀ ခုကို ဖွင့်လှစ်ကာ ပညာရေးစီမံခန့်ခွဲသူများနဲ့ ဆရာဆရာမ ကျောင်းသားကျောင်းသူ အရေအတွက် ၁၀၀၀ အတွက် လေ့ကျင့်သင်တန်းပေးမှုအခွင့်အလမ်းများ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ပြီး BRICS လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်နိုင်ရန် အားဖြည့်ပေးမှာဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်များ ခင်ဗျား
တရုတ်နိုင်ငံက BRICS နိုင်ငံများနဲ့အတူ “BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ်ကို ဖန်တီးရန်၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများနဲ့ ပိုမိုလက်တွဲဆောင်ရွက်ပြီး အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အတူတကွတွန်းအားပေးမြှင့်တင်ရန် ဆန္ဒရှိပါတယ်။