ဟန်ကျင့်သည် အင်ဒိုနီးရှား သမ္မတသစ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အင်ဒိုနီးရှား၌ ခရီးလှည့်လည်

(GMT+08:00)2024-10-22 10:43:54  

    အင်ဒိုနီးရှား အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ်၊ တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျင့်သည် အောက်တိုဘာလ ၂၀ ရက်နေ့က ဂျကာတာမြို့၌ အင်ဒိုနီးရှား သမ္မတသစ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အင်ဒိုနီးရှား၌ ခရီးလှည့်လည်ကာ အင်ဒိုနီးရှား သမ္မတသစ် ဘရာဘိုဝို၊ သမ္မတဟောင်း ဂျိုဂိုနှင့် ဒုတိယ သမ္မတသစ် ဂျီဘရန်တို့နှင့် အသီးသီး တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဟန်ကျင့်သည် လာမည့်အဆင့်ကာလတွင် တရုတ်နှင့် အင်ဒိုနီးရှား ဆက်ဆံရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် သုံးရပ်ကို တင်ပြခဲ့ပါသည်။ ယင်းတို့သည် အဆင့်အတန်း မြင့်မားသော မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ရန်၊ ကဏ္ဍစုံ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ပိုမို ရင်းနှီးသော နိုင်ငံတကာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ရန်တို့ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။