မန္တလေး ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး၏ အဆောက်အအုံ ဖောက်ခွဲ တိုက်ခိုက်မှုခံရခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာဘက်အား သေသေချာချာ စုံစမ်းစစ်ဆေးရန် တိုက်တွန်း

(GMT+08:00)2024-10-21 21:22:49  

ယခုလ ၂၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေး ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး၏ အဆောက် အအုံ ဖောက်ခွဲ တိုက်ခိုက်မှုခံရသည့် သတင်းထုတ်ပြန်ချက် ရှိကြောင်း၊ တရုတ်ဘက်က အတည်ပြုနိုင်သလား၊ ယင်းအပေါ် မည်သည့် တုံ့ပြန်မှု ရှိသလဲဟု Bloomberg သတင်းထောက်က မေးမြန်းခဲ့သည်။ ယင်းမေးမြန်းချက်ကို ပြန်လည်ဖြေကြား ရာတွင် လင်ကျန့်က မြန်မာ နိုင်ငံ တွင်  ယခုလ ၁၈ရက်နေ့ ညနေ ၅နာရီခန့် က မန္တလေး ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး၏ အဆောက်အအုံ တစ်ခု ဖောက်ခွဲ တိုက်ခိုက်မှုခံခဲ့ရကြောင်း၊ ၎င်းတိုက်ခိုက်မှုတွင် လူသေဆုံး ဒဏ်ရာရရှိမှု မရှိကြောင်း၊ သို့သော် ၄င်းအဆောက် အအုံ၏ အစိတ်အပိုင်း ပျက်စီးသွားခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် ယင်းတိုက်ခိုက်မှု အပေါ် များစွာ တုန်လှုပ်မိကြောင်းနှင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ထို့အပြင်၊ လင်ကျန့်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် အရေးပေါ် တုံ့ပြန်မှု စနစ်ကို ချက်ချင်း ကျင့်သုံးပြီး သက်ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ဘက်သည် မြန်မာဘက်အား လေးနက်စွာ အရေးဆို ကန့်ကွက်ပြီး မြန်မာဘက်အား ၄င်းတိုက်ခိုက်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးကာ တိုက်ခိုက်မှု ပြုလုပ်သူကို အစွမ်းကုန် လိုက်လံရှာဖွေ ဖမ်းဆီးပြီး ဥပဒေနှင့် အညီ အရေးယူရန်၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးနှင့် ကောင်စစ် ဝန်ရုံးများ၊ လုပ်ငန်း အစီအစဉ်များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံပေးဖို့ ဘက်စုံ အားဖြည့်ဆောင်ရွက်ပြီး ယင်းကဲ့သို့သော မှုခင်း ထပ်မံ မဖြစ်ပွားစေရန် တိုက်တွန်းကြောင်း၊ မြန်မာ နိုင်ငံသည် ယင်းတိုက်ခိုက်မှု အပေါ် တုန်လှုပ်မိကြောင်းနှင့် စိတ်မကောင်း ဖြစ်မိ ကြောင်း၊ လိုအပ်သော ဆောင်ရွက်ချက်များကို ကျင့်သုံးပြီး ကတိပြုချက် နှင့် နိုင်ငံ တကာ ဥပဒေပါ တာဝန် ဝတ္တရားများကို လိုက်နာကျင့်သုံးကာ မြန်မာ နိုင်ငံရှိ တရုတ် ဝန်ထမ်း နှင့် အဖွဲ့ အစည်းများ၏ လုံခြုံရေး တာဝန်ကို ထိထိရောက်ရောက် ကာကွယ်ပေး သွားမည်ဟု ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။