တရုတ် စီးပွားရေးတွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများသည် နိုင်ငံခြား ကုမ္ပဏီများ တရုတ် ဈေးကွက်တွင် ပေါင်းစပ်ရန် ယုံကြည်မှု တိုးပွားစေ

(GMT+08:00)2024-10-19 12:03:23  

မကြာသေးမီ အချိန်ပိုင်းက နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများနှင့် နိုင်ငံခြား မီဒီယာများသည် တရုတ် နိုင်ငံမှ ထုတ်ပြန်ကျင့်သုံးသော increment မူဝါဒကို လွန်စွာ အာရုံစူးစိုက်ပြီး ယင်းသည် တရုတ် စီးပွားရေးကို အဆင့်သစ်သို့ တိုးမြှင့်ပေးသည့် တွန်းအားပေးမှု ဖြစ်သည်ဟု ယူဆကြသည်။ တရုတ် အစိုးရမှ ယခုလ ၁၈ရက်နေ့က ထုတ်ပြန်ခဲ့သော တတိယ ၃လပတ် အမျိုးသား စီးပွားရေး လည်ပတ်မှု စာရင်းသည် တရုတ် စီးပွားရေး အပေါ် ပြင်ပမှ အကောင်းဘက် မြင်ခြင်းကို သက်သေပြနေသည်။

ပဏာမ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တရုတ် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးမှာ ယွမ်ငွေ ၉၄.၉၇၄၆ ထရီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄.၈ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ တိုးတက်မှု၊ အလုပ်အကိုင် နေရာ ချထားရေး၊ ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံတကာ ဝင်ငွေနှင့် သုံးငွေ ဖြစ်သည့် မက္ကရို အညွှန်ကိန်း ၄ခုမှ ကြည့်လျှင် တရုတ် စီးပွားရေးသည် တည်ငြိမ်စွာ လည်ပတ်မြဲ ဖြစ်နေသေးပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဇောက်ချ ဖော်ဆောင်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် စက်တင်ဘာလ တတိယ ၁၀ရက်ပတ် မှစ၍ increment မူဝါဒများကို ထုတ်ပြန်ကျင့်သုံးလာသည်နှင့်အမျှ ဈေးကွက် ယုံကြည်မှုသည် များစွာ တိုးပွားလာသည်။

မကြခင်က အမေရိကန် Apple ကုမ္ပဏီ၏ သုတေသန စမ်းသပ်ခန်းကို တရုတ် နိုင်ငံ ရှင်ကျင့်မြို့တွင် တည်ထောင်ခဲ့သည်။ အမေရိကန် GE HealthCare ကုမ္ပဏီက လာမည့် ၃နှစ်အတွင်း တရုတ်နိုင်ငံတွင် သုတေသန ဖော်ထုတ်မှု အတွက် ရင်းနှီးမြှုပ်နှံမှုကို တစ်ဆ ထပ်မံ တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။ ၄င်းတို့က တရုတ် ဈေးကွက်ကြီးသို့ ဝင်ရောက်ရန် လိုအပ်ရုံ သာမက ပေါင်းစပ်ရန်လည်း ပိုပြီး လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ် ဈေးကွက်ကို တစ်ကမ္ဘာလုံးက အတူမျှဝေ ကြသော ဈေးကွက်ကြီး ဖြစ်စေရန် လိုအပ်ကြောင်း ယူဆကြသည်။

လက်ရှိအချိန်တွင် ၁၃၆ကြိမ်မြောက် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ကွမ်ကျိုး မြို့တွင် ကျင်းပလျက်ရှိပြီး စံချိန်သစ်များတင်နိုင်ခဲ့သည်။ နိုဝင်ဘာလ လဆန်းတွင် ၇ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ဖွင့်လှစ်တော့မည် ဖြစ်သည်။ ထို့အပြင်၊ နယ်ပယ်များစွာမှ ဖိုရမ်နှစ်ပတ်လည် အစည်းအဝေးများနှင့် ညီလာခံများကိုလည်း တရုတ် နိုင်ငံတွင် ကျင်းပမည် ဖြစ်ပြီး တရုတ် နိုင်ငံ၏ အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှုကို တစ်ဆင့်တိုးမြှင့်မည် ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ ချမှတ်ခဲ့သော တံခါးဖွင့်မှု ဆောင်ရွက်ချက်များကို အရှိန်မြှင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်လာသည်နှင့် အမျှ နိုင်ငံခြား ကုမ္ပဏီများသည် တရုတ် နိုင်ငံတွင် နက်ရှိုင်းစွာ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် အကျိုးရရှိရန် အခွင့်ကောင်းသစ်များ ရရှိမည် ဖြစ်သည်။