ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အောက်တိုဘာလ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်အရ လက်ဘနွန်-အစ္စရေးအခြေအနေ သုံးသပ်စစ်ဆေးရန် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် Fu Cong က လက်ဘနွန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဆောင်ခြင်းသည် ပဓာနကျသော ဦးစားပေးမှုဖြစ်လာသင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
Fu Cong က လက်ဘနွန်ဘက်အသီးသီးတို့သည် အပစ်အခတ် ချက်ချင်းရပ်စဲရန် တစ်ညီတစ်ညွတ်တည်းတောင်းဆိုထားခဲ့ကြပြီး အာရပ်အဖွဲ့ချုပ်ကလည်း ပြတ်ပြတ် သားသား ပန်ကြားခဲ့ပြီဖြစ်ကြောင်း၊ အစ္စရေးအနေနှင့် လက်နက်များ အသုံးပြုခြင်းဆိုင်ရာ စွဲလမ်းမှုကို ရပ်တန့်ရန်၊ မှန်ကန်သော နိုင်ငံရေး ဆုံးဖြတ်ချက်ကို ချမှတ်ရန်၊ လက်ဘနွန် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုအပေါ် ကျူးကျော်ထိပါးမှုကို ရပ်တန့်ရန်နှင့် ဒေသကို ကပ်ဆိုးအသစ်သို့ ဆွဲငင်စေနိုင်သော စွန့်စားမှုလုပ်ရပ်များကို ရပ်တန့်ရန် တရုတ်နိုင်ငံမှ တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။