မကြာမီက ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် Belt and Road ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံရေး ဖိုရမ်၌ ဗြိတိန်-တရုတ် ကုန်သွယ်ရေးအသင်း ထိပ်တန်း အမှုဆောင် အရာရှိ Peter Burnett က လက်ရှိ Belt and Road လုပ်ငန်းစဉ် အားလုံး ဆက်တိုက် ဖွံ့ဖြိုးရေးကို ထည့်သွင်း စဉ်းစားကာ အစိမ်းရောင် နည်းပညာနှင့် အစိမ်းရောင် ငွေကြေးနည်းပညာများကို အသုံးပြုတတ်သည်ဟု ပြောကြားခဲ့သည်။ ဖိုရမ် တက်ရောက်သော နိုင်ငံအသီးသီးမှ ဧည့်သည်များက Belt and Road အတူ တည်ဆောက်ရေး အဆိုပြုချက်သည် တရုတ်နိုင်ငံမှ အရင်းခံခြင်း ဖြစ်ပြီး အကျိုးရလဒ်များနှင့် အခွင့်အလမ်းများသည် ကမ္ဘာကြီးကပင် ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ နိုင်ငံ ၁၅၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၀ ကျော်တို့က ယခုအကြိမ် ဖိုရမ်သို့ ပါဝင်ခဲ့ကြပြီး ယင်းသည် အကျိုးတူ ဖွံ့ဖြိုးမှုများကို ပို၍ တိုးချဲ့ လာစေပါသည်။
ယခုနှစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်နိုင်ငံသည် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အံ့ဩဖွယ်ရာများ ရရှိခဲ့သည့်အပြင် တရုတ်နှင့် ကမ္ဘာ့ နိုင်ငံ အသီးသီးတို့အကြား အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံမှ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးအုပ်စု နိုင်ငံ၊ ကုန်ထုတ်လုပ်မှု ပမာဏ အများဆုံးသောနိုင်ငံ၊ ကုန်စည် ကူးသန်းရောင်းဝယ်မှု အများဆုံးသောနိုင်ငံနှင့် စားသုံးမှု ပမာဏ အများဆုံးသောနိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အကြီးဆုံး အင်ဂျင် ဖြစ်လာပါသည်။
တရုတ်နိုင်ငံသည် အဘယ့်ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့နှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ခဲ့သနည်း။ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးဖြင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်ခဲ့ပြီး တစ်ချိန်တည်းတွင် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာကြီး၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို တွန်းအားပေးခဲ့ပါသည်။ ယင်းတို့အနက် ဈေးကွက်၊ ကုန်စည် ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များ၊ ဆန်းသစ်တီထွင်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့သည် "တရုတ်အခွင့်အရေးများ" ဆိုင်ရာ သော့ချက်ကျရာများပင် ဖြစ်သည်။ တရုတ်နိုင်ငံ ဖြစ်သည့် စူပါဈေးကွက်ကြီးသည် တစ်နေ့ထက်တစ်နေ့ များပြားလာသော နိုင်ငံခြား လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နေပြီး တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုများသည်လည်း ဒေသခံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေပါသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာကြီးနှင့် ခွဲခွာလို့ မရသလို ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း တရုတ်နိုင်ငံနှင့် ခွဲခွာလို့ မရပေ။ တံခါးဖွင့်ရေးကို အဆက်မပြတ် တိုးချဲ့နေသော တရုတ်နိုင်ငံသည် တိုးတက်ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ကမ္ဘာကြီးအတွက်လည်း အခွင့်အလမ်းသစ်များကို ဆက်တိုက် ဆောင်ကြဉ်း ပေးလာနေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။