စက်တင်ဘာလ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။ စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံပေါင်း ရာနှင့်ချီက တက်ကြွစွာကြွေးကြော်ခဲ့ပြီး ရှင်ကျန်း၊ ဟောင်ကောင်နှင့် ရှီးဇန့်(တိဗက်) ကိစ္စရပ်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံကာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးကိစ္စအဖြစ်လုပ်ဆောင်ခြင်းကို ဆန့်ကျင်ခဲ့ကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး တရုတ်ဘက်က မည်သည့်သဘောထားသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
Lin Jian က စက်တင်ဘာလ ၂၄ ရက်နေ့က ဂျီနီဗာမြို့၌ ပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေးတွင် အမေရိကန် အပါအဝင် နိုင်ငံအနည်းစုသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့ကြကြောင်း၊ ၎င်းအပေါ် တုံ့ပြန်သည့်အနေဖြင့် နိုင်ငံပေါင်း ၁၀၀ ကျော်တို့သည် ပူးတွဲမိန့်ခွန်း၊ တစ်ဦးချင်းမိန့်ခွန်းစသည့်နည်းလမ်းများဖြင့် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ထောက်ခံပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးကိစ္စအဖြစ်လုပ်ဆောင်ခြင်းကို ဆန့်ကျင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
လူမျိုးရေးခွဲခြားမှု၊ သေနတ်အကြမ်းဖက်မှု၊ လူမှုရေးမမျှတမှု၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ၏အခွင့်အရေးများကို ထိပါးမှု စသည့်ဆိုးရွားသော လူအခွင့်အရေးပြဿနာကို ထိထိရောက်ရောက်ပြန်လည်စဉ်းစားပြီး လက်တွေ့ဖြေရှင်းရန်၊ ကိုယ့်နိုင်ငံသားများ၏ လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုရပ်တန့်ကာ နိုင်ငံတကာ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှုမှာ အပြုသဘောဆောင်စွာ ပါဝင်ရန် တရုတ်နိုင်ငံက အမေရိကန်အားတိုက်တွန်းကြောင်း Lin Jian က ပြောကြားခဲ့သည်။