လူသားတစ်ရပ်လုံး အတူ ရေးဆွဲကြသော ဤအနာဂတ်စီမံကိန်းကို မည်သို့ ဖော်ဆောင်မည်နည်း

(GMT+08:00)2024-09-26 15:29:34  

မကြာမီက ကျင်းပခဲ့သော ကုလသမဂ္ဂ အနာဂတ်ရေးရာ ထိပ်သီးအစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကမ္ဘာ့ဒေသအရပ်ရပ်မှ ပြည်သူများသည် ငြိမ်းချမ်းသော ဂုဏ်သိက္ခာရှိသော စည်ပင်သာယာသော အနာဂတ်တစ်ရပ်ကို မျှော်လင့်နေကြောင်း၊ ရာသီဥတု အကျပ်အတည်းကို ဖြေရှင်းဖို့၊ တန်းတူညီမျှ ကင်းမဲ့မှုကို ဖြေရှင်းဖို့၊ လူတိုင်းကို ထိခိုက်နိုင်သော အန္တရာယ်သစ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတကာ ဆောင်ရွက်မှုများ ပြုလုပ်ရန် ၎င်းတို့က ပန်ကြားကြကြောင်း ပြောကြားခဲ့ပါသည်။

   ယခုအကြိမ် အနာဂတ်ရေးကို ဆောင်ပုဒ်အဖြစ်ထားသည့် ထိပ်သီး အစည်းအဝေးသည် ယခုနှစ်အတွင်း ကုလသမဂ္ဂ၏ အရေးအကြီးဆုံးသော အဆင့်ဖြစ်သည့် အစည်းအဝေးများ အနက် တစ်ခုအပါအဝင် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံအကြီးအကဲနှင့် အစိုးရ ခေါင်းဆောင်၁၃၀ တို့သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၏ ပထမနေ့တွင် "အနာဂတ် သဘောတူစာချုပ်"နှင့် နောက်ဆက်တွဲ စာချုပ်များ ဖြစ်သည့် "ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူစာချုပ်"၊ "နောင်လာနောက်သားများ ရေးရာ ကြေညာချက်"တို့ကို အတည်ပြုခဲ့ပါသည်။ စာချုပ်များတွင် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်ရေး၊ လူငယ်များနှင့် အနာဂတ် နောင်လာနောက်သားများ၊ နိုင်ငံတကာ စီမံခန့်ခွဲရေး အပါအဝင် အကြောင်းအရာ ငါးရပ်ကို ရည်ရွယ်ပြီး လုပ်ငန်းစဉ် စီမံကိန်း ၅၆ ရပ်ကို တင်ပြထားပါသည်။

   အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ စည်ပင်သာယာမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် ပိုမို သာယာလှပသော အနာဂတ်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် လေးရပ်ကို ဖော်ပြခဲ့ပြီး ဘက်အသီးသီးတို့ အနေနှင့် ကုလသမဂ္ဂကို အမြုတေအဖြစ်ထားသော နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းရခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားမျှတသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်း ကာကွယ်ရခြင်း၊ သက်ညှာထောက်ထားသော အားလုံး အကျိုးခံစားရသော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေးရခြင်း စသဖြင့်ကို အလေးထား ဖော်ပြခဲ့ပါသည်။ ယင်းတို့သည် အနာဂတ် သဘောတူစာချုပ်ကို ဖောင်ဆောင်ရန် အရေးကြီးသည့် အာမခံချက်များ ဖြစ်သည့်အပြင် စာချုပ်ပါ ရည်မှန်းချက်များလည်း ဖြစ်ပါသည်။

   ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်စေရန် မည်သို့သော နည်းလမ်းများဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် စေသနည်း။ ဘက်အသီးသီးတို့ အနေနှင့် ကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ်ဖြင့် သွေးခွဲမှု မဟုတ်ဘဲ စည်းလုံးညီညွတ်မှု၊ ရန်ငြိုးထားမှု မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု၊ ဝိုင်းပယ်မှု မဟုတ်ဘဲ သက်ညှာထောက်ထားမှုများဖြင့် တွေးတော ဆုံးဖြတ် ဆောင်ရွက်ပါက ပိုမို သာယာသော ကမ္ဘာကြီး အိပ်မက်ကို ဖော်ဆောင်နိုင်ပါမည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။