ရှေးဟောင်း မြေအောက်ရေစီမံထိန်းသိမ်းရေးစီမံကိန်း

(GMT+08:00)2024-09-24 16:05:35  

ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တာပန်မြို့မှာ နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၁၆ မီလီမီတာခန့်ရှိပြီး တစ်နှစ်တာအတွင်း ရက်တစ်ရာကျော်မှာ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်မှာ ရှိနေကာ တရုတ်နိုင်ငံရဲ့ အခြောက်သွေ့ဆုံးနဲ့ မိုးရွာသွန်းမှုနည်းပါးတဲ့ ဒေသတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ရေအသုံးပြုမှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရှေးလူတွေက Karez ရေတွင်းတွေ တူးဖော်ခဲ့ပြီး ထျန်းစန်းတောင်မှ အရည်ပျော်ကျလာတဲ့ဆီးနှင်းရေတွေကို တာပန်ရှိ လယ်မြေတွေနဲ့ ကျေးရွာတွေဆီ ပို့ဆောင်ပေးပါတယ်။ ဒီတမူထူးခြားတဲ့ မြေအောက်ရေစီမံထိန်းသိမ်းရေးစီမံကိန်းဟာ မဟာတံတိုင်း၊ ပေကျင်း-ဟန်ကျိုးတူးမြောင်းကြီးတို့နဲ့အတူ တရုတ်နိုင်ငံရဲ့ ရှေးဟောင်း စီမံကိန်းကြီးသုံးခုလို့ သတ်မှတ်ခြင်းခံရပါတယ်။

ရှင်းကျန်းမှာ အစောဆုံး Karez ရေတွင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်က တူးဖော်ခဲ့ပြီး ဒေါင်လိုက်ရေတွင်း၊ မြေအောက်ရေမြောင်း၊ အပွင့်ရေမြောင်းနဲ့ လေဟာပြင်ရေကန် ဆိုပြီး အပိုင်းလေးပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ဒေါင်လိုက်ရေတွင်းကို မြင့်ရာမှ နိမ့်ရာသို့ ဆက်တိုက်တည်ဆောက်ထားပြီး လုပ်သားများ မြေအောက်သို့ဝင်ရောက်ကာ ရေတွင်း တူးဖော် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ရန် အဆင်ပြေစေပါတယ်။ မြေအောက် ရေမြောင်းဟာ မြေအောက် ဆယ်မီတာကျော် သို့မဟုတ် မီတာဆယ်နဲ့ချီ အနက်ရှိပြီး လုပ်သားများ ဒေါင်လိုက်ရေတွင်းထဲ ဝင်ရောက်ပြီး တူးဖော်ချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ မြေအောက်ရေမြောင်းမှတစ်ဆင့် ရေပေးပို့ခြင်းဖြင့် အများအပြား ရေငွေ့ပျံခြင်းပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ပါတယ်။ အပွင့်ရေမြောင်းကတော့ မြေအောက်ရေမြောင်းမှ မြေအနေအထားအရ မြေပြင်သို့ရောက်ရှိလာတဲ့အစိတ်အပိုင်းဖြစ်ပြီး Karez ရေတွင်း လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေကို လွယ်ကူစွာ ရေရရှိစေပါတယ်။ လေဟာပြင်ရေကန်ကတော့ Karezရေတွင်းရဲ့ အဆုံးနေရာဖြစ်ပြီး အသေးစားရေလှောင်ကန် အဖြစ်လည်း လုပ်ဆောင်နိုင်ပါတယ်။ နှစ်ထောင်ပေါင်းများစွာအတွင်း Karez ရေတွင်းတွေဟာ ထျန်းစန်းတောင်ပေါ်မှ အရည်ပျော်စီးဆင်းလာတဲ့ ဆီးနှင်းရေတွေ မြေအောက်ရေမြောင်းထဲ ဝင်လာတာကို စုစည်းထားပြီး အဖိုးတန် ရေအရင်းအမြစ်ကို ပူပြင်းမှု၊ လေပြင်း၊ သဲမုန်တိုင်း စတဲ့ဒဏ်တွေမှ ကာကွယ်ပေးကာ အိုအေစစ်အတွက်၊ ရှင်သန်မှုအတွက် ရေများ ပံ့ပိုးပေးနေပါတယ်။

တာပန်မြို့မှာ Karez ရေတွင်းတွေ အများဆုံးရှိချိန်က အရေအတွက် ၁၂၀၀ ကျော် ရှိပါတယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အကြီးစား Karez ရေတွင်း ထိန်းသိမ်းရေးစီမံကိန်းကို တရားဝင် စတင်ခဲ့ပါတယ်။ လက်ရှိ တာပန်မြို့မှာ Karez ရေတွင်း ၂၀၀ နီးပါး ကြည်လင်သန့်ရှင်းစွာ တည်ရှိနေပြီး စုစုပေါင်းအရှည် ၃၀၀၀ ကီလိုမီတာကျော် ရှိပါတယ်။ ရှေးဟောင်း Karez ရေတွင်းတွေဟာ ဘဝရှင်သန်မှုအတွက် အာဟာရတွေပေးစွမ်းရင်း သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်နေကြပါတယ်။