အမေရိကန်က "တရုတ်နိုင်ငံရဲ့ ဂယက်ရိုက်ခတ်မှုဆိုး" ဆိုတာကို ခုခံဖို့ နှစ်စဉ် ဒေါ်လာ သန်း ၁၆၀၀ အသုံးပြုရန် စီစဉ်

(GMT+08:00)2024-09-21 09:51:07  

  

မကြာခင်က အမေရိကန် အောက်လွှတ်တော်က ဥပဒေကြမ်း တစ်ခုကို အတည်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ် ဒေါ်လာ ၃၂၅ သန်း စုစုပေါင်း ဒေါ်လာ သန်း ၁၆၀၀ ကို ထုတ်ပေးကာ "တရုတ်နိုင်ငံရဲ့ ဂယက်ရိုက်ခတ်မှုဆိုး" ဆိုတာကို ခုခံဖို့ အသုံးပြုရန် စီစဉ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲဒီလိုမျိုး ပိုက်ဆံတွေ၊  မီဒီယာတွေ နဲ့ ပြည်သူ့သဘောထားကို ကြိုးကိုင် ထိန်းချုပ် လုပ်ဆောင်ပြီး တရုတ်နိုင်ငံအား သရုပ်ဖျက် လုပ်ဆောင်ခြင်းဟာ အမေရိကန်သာ အမှန် စင်စစ်သော သတင်းအတုဖြန့်သူ ဖြစ်ခြင်းကို နောက်ထပ် တစ်ကြိမ် သက်သေပြလိုက် တာပဲ ဖြစ် ပါတယ်။

   အဲဒီဥပဒေကြမ်းထဲမှာ "အမေရိကန်ရဲ့ နိုင်ငံလုံခြုံရေး၊ စီးပွားရေး လုံခြုံရေးကို အန္တရာယ် ပြုခြင်း"၊ "နိုင်ငံတကာ စည်းစနစ်များကို ဖျက်ဆီးခြင်း" စတဲ့ ပုတ်ခတ် ပြောဆိုခြင်းတွေ အပြင် အဓိက ပုတ်ခတ်ပြောဆိုရတဲ့ အကြောင်းတစ်ခုလည်း ပါဝင်ပါတယ်၊ အဲဒါကတော့ Belt and Road လက်တွဲ တည်ဆောက်မှု အဆိုပြုချက် ဖြစ်ပါတယ်။ ဒါ့အတွက် ဥပဒေ ကြမ်း ထဲမှာ အမေရိကန်မှ ထောက်ပံ့ကြေး ရရှိတဲ့ လူနဲ့ဌာနများအနေဖြင့် သက်ဆိုင်ရာ အနုတ် လက္ခဏာ သတင်းအချက်အလက်များကို အစွမ်းကုန် လုပ်ကြံဖန်တီးဖို့ သွေးထိုး လှုံ့ဆော် ထား ခြင်းပဲ ဖြစ် ပါတယ်။

   ဥပဒေကြမ်းထဲမှာ ဘယ်မီဒီယာဌာနတွေကို ထောက်ခံမလဲနဲ့ ဒေါ်လာ သန်း ၁၆၀၀ ကို ဘယ်လို အသုံးပြုမလဲ ဆိုတာတွေကို တိုက်ရိုက် အသေးစိတ် ဖော်ပြခြင်း မရှိပေမယ့် ဒီထဲမှာ နာမည်ဆိုး ဟိုးဟိုး ကျော်နေတဲ့ နိုင်ငံတကာ ဆက်ဆံရေး စင်တာ GEC နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အင်ဂျင်စီ ဖြစ်တဲ့ ဌာန နှစ်ခု ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။

  GEC ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ခံ ဖြစ်တယ်။ အဲဒီဌာနဟာ သတင်းအချက်အလက်အတုကို ခုခံ တိုက်ခိုက်တဲ့တာဝန် ထမ်းဆောင်တဲ့ဌာန ဖြစ်တယ်လို့ ဆိုပေမယ့် အမှန်တော့ သတင်းအချက်အလက်အတုကို ဖန်တီးတဲ့ဌာနပဲ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အင်ဂျင်စီကတော့ အမေရိကန်ရဲ့ "နိုင်ငံခြားသို့ ဒီမိုကရေစီ စိမ့်ဝင်မှု" ပြုလုပ်တဲ့ အဓိကဌာန တစ်ခုဖြစ်ပြီး အမေရိကန်သမ္မတ Biden က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ဘဏ္ဍရေးနှစ် ဘတ်ဂျက် လျှောက်ထားချက်များမှာ အဲဒီဌာနနဲ့ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးဌာနတို့ ဒေါ်လာ သန်း ၄၀၀ ကို ပူးတွဲ လျှောက်ထားကာ "တရုတ်နိုင်ငံရဲ့ နိုင်ငံတကာမှာ ဂယက်ရိုက်ခတ်မှု"ကို ခုခံဖို့အတွက် အသုံးပြုမယ်လို့ သိရပါတယ်။

    အမေရိကန် နိုင်ငံရေးသမားများဟာ နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားအတွက် တရုတ် နိုင်ငံအား အကြိမ်ကြိမ် မဟုတ်မမှန် အမည်ဖျက် ပုတ်ခတ်ပြီး အမေရိကန် ပြည်သူ များအား တရုတ်နိုင်ငံအပေါ် ရန်ငြိုးထားမှု ဖြစ်လာစေဖို့ သွေးထိုးလှုံ့ဆော်ကာ တရုတ်နဲ့ အမေရိကန်ကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ဖျက်ဆီးနေကြတယ်။ ဒါပေမယ့် မဟုတ်မမှန် ပုတ်ခတ်ပြောဆိုမှုနဲ့ ဖိနှိပ်မှုများ ပြုလုပ်ခြင်းဟာ အမေရိကန်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဟန့်တား နိုင်မှာ မဟုတ်ပါဘူး။ ပြောင်းပြန်ပြီး ဒီလိုလုပ်ခြင်းဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုကို ဖျက်ဆီး ၍ အမေရိကန်နိုင်ငံနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို ထိခိုက်ကာ နိုင်ငံတကာ ငြိမ်းချမ်း တည်ငြိမ်ရေးအပေါ် အန္တရာယ်များကို ဆောင်ကြဉ်းလာနိုင်မယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။