မွှေးကြိုင်ပျံ့လွင့် တွမ်းဝူပွဲတော် မြစ်ကိုဖြတ်၍ နဂါးလှေလှော်

(GMT+08:00)2024-09-20 10:27:48  

      တွမ်းဝူပွဲတော်က တရုတ်ရိုးရာယဉ်ကျေးမှုပွဲတော်ရက်ဖြစ်ပါတယ်။ ဒဏ္ဍာရီထဲမှာ စစ်မက်ခေတ်ကာလ တုန်းက ချူပြည်ထောင်ရဲ့ကဗျာပညာရှင် ချွီးယွမ်ဟာ ၅ လပိုင်း လဆန်း ၅ ရက်နေ့မှာ မိလော်မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ နောင်လာနောင်သားတွေက ဒီအချက်ကို ချွီးယွမ်အထိမ်း အမှတ်ပွဲတော်ရက်အဖြစ် တွမ်းဝူပွဲတော်လို့ သတ်မှတ်ခဲ့ပါတယ်။ တွမ်းဝူပွဲတော်ဓလေ့က အကြောင်း အရာ စုံလင်များပြားပါတယ်။ ဒီပွဲတော်ဓလေ့တွေဟာ နဂါးပူဇော်ပွဲ၊ ကောင်းမှုဆုတောင်းပွဲ၊ ဘေအန္တရာယ် ကင်း ဆုတောင်းပွဲ အစရှိတဲ့အစီအစဉ်များနဲ့ စတင်ခဲ့ပါတယ်။ လူတွေရဲ့ကံကောင်းခြင်းမင်္ဂလာရရှိရန် ဘေးကင်းရန်ကင်းဖြစ်စေလိုတဲ့ ဆုတောင်းမှုများ ပါဝင်ပါတယ်။ တွမ်းဝူပွဲတော်ရက်ရောက်ရင် လူစည်ကားတဲ့ နဂါးလှေလှော် ဖျော်ဖြေပွဲများ၊ ပျော်ရွှင်စရာ အစားအသောက်ဧည့်ခံမှုများရှိပြီး မင်္ဂလာရှိ တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်မှာတော့ ဒီရိုးရာယဉ်ကျေးမှုအကြောင်းကို အတူတူလေ့လာကြည့်ရအောင်။

တွမ်းဝူပွဲတော် ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကို ပြောရင် လူတိုင်း အရင်ဆုံးစဉ်းစားမိကြတာက ချူပြည်ထောင်ရဲ့ပညာရှိအမတ် ချွီးယွမ်ကို တွေးမိကြလောက်မယ်ထင်ပါတယ်။ ပါးစပ်ရာဇဝင်ထဲမှာ ချူဘုရင်က သွေးခွဲစကားကို နားယောင်ပြီး ချင်ပြည်ထောင်ကို ခုခံတွန်းလှန်ဖို့ အကြံပေးတဲ့ ချွီးယွမ်ကို ရာထူးမှ ဖြုတ်ကျကာ နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ချင်ပြည်ထောင်က ချူပြည်ထောင်ရဲ့မြို့တော်ကို သိမ်း ပိုက်ပြီးနောက်မှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ ချွီးယွမ်ဟာ ကျောက်တုံးကြီးတစ်ခုကို ပိုက်ပြီး မိလော်မြစ် ထဲကို ခုန်ချသွားခဲ့ပါတယ်။ ချွီးယွမ်သေဆုံးပြီးနောက်မှာ ချူပြည်သူပြည်သားတွေက အလွန်ဝမ်းနည်းခဲ့ ကြပြီး မိလော်မြစ်ကမ်းနံဘေးကို အသီးသီးရောက်လာခဲ့ပြီး ချွီးယွမ်ကို ဂါရဝပြုခဲ့ကြရာကနေ တွမ်းဝူ ပွဲတော်မှာ နဂါးလှေလှော်ပြိုင်ပွဲကျင်းပတာ ကောက်ညှင်းထုပ်စားကြတဲ့ဓလေ့ထုံးတမ်းဖြစ်လာခဲ့ပါတယ်။

ကောက်ညှင်းထုပ်က တွမ်းဝူပွဲတော်ကို ကိုယ်စားပြုတဲ့အစားအစာဖြစ်ပြီး ပထမပြောနည်းတစ်ခုက ချွီးယွမ်ရဲ့ရုပ်အလောင်းကို ငါးပုစွန်တွေ မကိုက်စားကြဖို့အတွက် မြစ်ထဲကို ပစ်ချတာပဲဖြစ်ပါတယ်။ ဒုတိယပြောနည်းကတော့ ကောက်ညှင်းထုပ်ရဲ့ထောင့်စွန်းဟာ ဓားတစ်လက်နဲ့တူပြီး အနာရောဂါကင်းဝေး စေကာ ဘေးအန္တရာယ်ဖယ်ရှားပေးနိုင်ပါတယ်။

နှစ်စဉ် ၅ လပိုင်း လဆန်းဆိုရင် တရုတ်နိုင်ငံပြည်သူတွေက အိမ်တိုင်းလိုလို ကောက်ညှင်းဆန် ရေစိမ် ခြင်း၊ ကောက်ညှင်းထုပ်တဲ့ဖတ် ဆေးခြင်း၊ ကောက်ညှင်းထုပ်ခြင်းပြုလုပ်ကြပါတယ်။ ကောက်ညှင်းထုပ် အမျိုးအစားတွေဟာလည်း အလွန်များပြားပါတယ်။ အစာထည့်ပုံနဲ့ကြည့်ရင် မြောက်ပိုင်းဒေသက ဆီးသီးထည့်ထုပ်ကြတဲ့ ပေကျင်း-ဆီးသီးကောက်ညှင်းထုပ်၊ တောင်ပိုင်းမှာက ပဲအနှစ်၊ အသားစိမ်း၊ ဝက်ပေါင်ခြောက်၊ ကြက်ဥအနှစ် အစရှိတဲ့အစာအမျိုးမျိုးကို ထည့်ထုပ်ကြပါတယ်။ အဲဒီထဲမှာ ကျဲ့ကျန်း ကျားရှင်းဒေသက ကောက်ညှင်းထုပ်များဟာ ကိုယ်စားပြုဖြစ်ပါတယ်။ ကောက်ညှင်းထုပ်စားတဲ့ဓလေ့ ဟာ နှစ်ပေါင်းရာထောင်ချီကြာမြင့်တဲ့အထိ တရုတ်နိုင်ငံမှာ မပျောက်မပျက် ကျင့်သုံးခဲ့ကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံအသီးသီးကိုလည်း ပျံ့နှံ့သွားခဲ့ပါသေးတယ်။

တွမ်းဝူပွဲတော်မှာ ကောက်ညှင်းထုပ်စားကြတာဟာ အမျိုးသားရေးစိတ်ဓာတ်တွေပါဝင်သလို မိသားစု မိတ်ဆွေများ အတူဆုံစည်းကြတဲ့ မေတ္တာစစ်မေတ္တာမှန်များလည်း ပါဝင်နေပါတယ်။ ကောက်ညှင်းထုပ်ကို တရုတ်နိုင်ငံရဲ့သမိုင်းယဉ်ကျေးမှုထဲမှာ အနက်ရှိုင်းဆုံး ရိုးရာအစားအသောက်တစ်ခု အဖြစ်သတ်မှတ်ကြပါတယ်။

ပါးစပ်ရာဇဝင်အရ ဟိုတုန်းက ချွီးယွမ်ဟာ မကျေနပ်ချက်နဲ့အတူ မြစ်ထဲ ခုန်ချခဲ့တာပါ။ ချူပြည်သူ ပြည်သားတွေက ပညာရှိအမတ် ချွီးယွမ် သေဆုံးမှာကို မလိုလားတဲ့အတွက် လူအများအပြားက လှေလှော်ပြီး အပြေးကယ်ဆယ်ခဲ့ကြပါတယ်။ နောက်ထပ် ပါးစပ်ရာဇဝင်တစ်ခုကတော့ နဂါးလှေလှော် ခြင်းဖြင့် မြစ်ထဲက ငါးတွေကို ထွက်ပြေးအောင် မောင်းထုတ်ပြီး ချွီးယွမ်ရဲ့ခန္ဓာကိုယ်ကို ငါးတွေ မစားဖြစ် အောင် ကာကွယ်ခဲ့ကြတာပါတဲ့။ အဲဒါကြောင့် နဂါးလှေလှော်ပြိုင်ပွဲက တွမ်းဝူပွဲတော်ရဲ့ရှေးအကျဆုံး ရိုးရာဓလေ့တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

အခုခေတ်နဂါးလှေလှော်ပြိုင်ပွဲမှာ များသောအားဖြင့် လှေကို နဂါးပုံသဏ္ဌာန်ပြုလုပ်ပြီး နဂါးပုံများ ရေးဆွဲကြပါတယ်။ နှစ်စဉ် တွမ်းဝူပွဲတော်ရောက်တိုင်း လှေလှော်ပြိုင်ပွဲကျင်းပပြီး နဂါးအပေါ် ရိုသေ လေးစားမှု ပြသကြခဲ့ကြသလို မိမိတို့ဟာ နဂါးသားသမီးများ နဂါးမျိုးဆက်များဖြစ်ကြောင်း ပြောပြနေ ပါတယ်။ နှစ်စဉ် တွမ်းဝူပွဲတော်ရောက်တိုင်း နဂါးလှေလှော်ပြိုင်ပွဲဟာ မဖြစ်မနေသွားကြည့်သင့်တဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။ လူတွေ စည်းစည်းလုံးလုံးနဲ့ လှော်ခတ်နေကြတဲ့ သံပြိုင်ကြွေးကြော်သံတွေ ဟာ အသင်းသားတွေကို အားပေးနေကြသလို မြစ်ကမ်းပေါ်က ပွဲကြည့်ပရိသတ်တွေကိုလည်း တက်ကြွ နေစေပါတယ်။