ကန်မှ ထိုင်ဝမ်ဒေသသို့ ကန်ဒေါ်လာ ၂၂၈သန်း တန်ဖိုးရှိ လက်နက်ရောင်းချမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2024-09-19 14:41:42  

စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးနှင့် လံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဦးစီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လေယာဉ်၊ သက်ဆိုင်ရာ စက်ကိရိယာများ ပြန်ပို့ခြင်း၊ ပြုပြင်ခြင်းနှင့် ပြန်လည်သယ်ယူပို့ဆောင်ခြင်းစသည့် ဝန်ဆောင်မှုများအပါအဝင် ထိုင်ဝမ်ဒေသသို့ အမေရိကန်ဒေါ်လာ ၂၂၈သန်း တန်ဖိုးရှိ လက်နက်ရောင်းချမှုကို ခွင့်ပြုခဲ့ပြီ ဖြစ်သည်၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို မည်ကဲ့သို့ ဝေဖန်သုံးသပ်မည်နည်းဟု မေးမြန်းခဲ့ပါသည်။
    သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်၍ အမေရိကန်နိုင်ငံအား အရေးဆိုခဲ့ပြီ ဖြစ် ကြောင်း၊ တရုတ်နိုင်ငံသည် တုံ့ပြန်ဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသားပြုလုပ်ပြီး အမေရိကန်စစ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီ၉ခုအား အရေးယူရန် ကြေညာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    လင်ကျန့် က ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ အမြုတေအကျိုးစီးပွားအတွက် အမြုတေ ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ဖြတ်ကျော်၍ မရသော ပထမဆုံး အနီရောင်မျဉ်း ဖြစ်ကြောင်း၊ မည်သူမဆို တရုတ်နိုင်ငံမှ ထိုင်ဝမ်သီးခြားတည်ရှိရေးကို ဆန့်ကျင်ရန်၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းရန် ဇွဲသတ္တိနှင့် စွမ်းရည်များကို လျှော့တွက်၍ မရကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံမှ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်- အမေရိကန်ပူးတွဲပြန်တမ်း၃ခုကို လိုက်နာကျင့်သုံးပြီး ထိုင်ဝမ်ဒေသကို လက်နက် တပ်ဆင်ပေးခြင်း အန္တရာယ်များကို ချက်ချင်းရပ်တန့်ကာ ထိုင်ဝမ်သီးခြားတည်ရှိရေးကို ထောက်ခံအားပေးမှုကို ရပ်တန့်ပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကို ထိခိုက်ဖျက်ဆီးမှုကို ရပ်တန့်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် တုံ့ပြန် ဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသားပြုလုပ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြတ်ပြတ်သားသားကာကွယ်ထိန်းသိမ်း မည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။