"တိမ်ထဲ စာစောင်များ- မိမိနှင့် တရုတ်နိုင်ငံ၏ အကြောင်းအရာများ" တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၅ နှစ်ပြည့် ဂျာမဏီ သီးသန့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က ဘာလင်မြို့၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အခမ်းအနားကို China Media Group နှင့် ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ပညာရေး ဝန်ကြီးဌာန တရုတ်နှင့် နိုင်ငံခြား ဘာသာစကား ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု စင်တာတို့ ပူးတွဲ ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယို မိန့်ခွန်း ပြောကြားခဲ့သည်။ နိုင်ငံတကာ ချစ်ကြည်ရေးပုဂ္ဂိုလ် John H. D. Rabe ၏မြေးဖြစ်သူ၊ တရုတ်အစိုးရ၏ ချစ်ကြည်ရေးဆု ရရှိသူ Thomas Rabe၊ ဂျာမနီ ပြည်ထောင်စု စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ Michael Schumann နှင့် ဂျာမနီ တက္ကသိုလ် ကောလိပ်ကျောင်းများစွာမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ဧည့်သည်တော် ၂၀၀ ခန့်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် ၇၅ နှစ်ပြည့် အခါသမယတွင် China Media Group မှပြုလုပ်သော "တိမ်ထဲ စာစောင်များ-မိမိနှင့် တရုတ်နိုင်ငံ၏ အကြောင်းအရာများ" စာစောင်များ ကောက်ခံရေး လှုပ်ရှားမှုတွင် နိုင်ငံ ၆၀ ကျော်မှ မိတ်ဆွေများထံ တရုတ်နိုင်ငံနှင့် ရေစက်ပါ အကြောင်းအရာများ ရေးသားဖော်ပြထားသော စာစောင် ၁၆၀၀ ကျော်ကို လက်ခံ ရရှိ ခဲ့ကြောင်း၊ ယင်းစာစောင်များတွင် မတူညီသော ဘာသာစကားဖြင့် တူညီသော သံယောဇဉ်ကို ပြသနေပြီး ကမ္ဘာ့ နိုင်ငံအသီးသီးတို့၏ သံယောဇဉ်နှင့် ယဉ်ကျေးမှုများ နက်ရှိုင်းစွာ ပေါင်းစပ်နေခြင်းကို ကိုယ်စားပြုကာ နိုင်ငံအသီးသီးမှ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာလှပရေး လိုလားချက်များ ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။