အားပြင်းသော တိုင်ဖုန်းမုန်တိုင်း "Capricorn" သည် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီကျော်နှင့် ည ၁၀ နာရီကျော်တွင် ဟိုင်နန်ပြည်နယ် ဝင်ချန်းမြို့နှင့် ကွမ်တုန်း ပြည်နယ် ရွှီဝင် ခရိုင်သို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဘေးအန္တရာယ်များ ပြင်းထန်စွာ ဖြစ်စေခဲ့သည်။ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ဟိုင်နန်ပြည်နယ်၊ ကွမ်တုန်းပြည်နယ်၊ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေဒေသတွင် လူ ၁.၂၂၇ သန်းကျော် ဘေးသင့်ပြီး လူ ၃ ဦး သေဆုံးကာ ၉၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
တိုင်ဖုန်းမုန်တိုင်း ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်ကာ အင်အားများ စုစည်းပြီး ဘေးကယ်ဆယ်ရေးကို အမြန်ဆုံး ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဘေးသင့်ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်း နေရာချထားရေး လုပ်ငန်းများကို သင့်တော်စွာ ဆောင်ရွက်ပြီး သေဆုံးဒဏ်ရာရရှိမှု လျော့နည်းအောင် အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပျက်စီးခဲ့သော လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး စသည့် အခြေခံ အဆောက်အအုံများကို အမြန်ဆုံး ပြန်လည် ပြုပြင်မွမ်းမံ ပေးရမည် ဖြစ်ပြီး ဘေးလွန် ပြန်လည် တည်ဆောက်ရေးကို မြန်ဆန်စွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုများ၏ အသက်နှင့် အိုးအိမ်စည်းစိမ်များ လုံခြုံမှုကို ထိရောက်စွာ အကာအကွယ် ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး အစိတ်အပိုင်း ပြန်လည် ပုံမှန် ဖြစ်လာပြီ ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သတင်းရရှိပါသည်။