စမှတ်သစ်တွင် တရုတ်နှင့် အာဖရိက စီးပွားကုန်သွယ်ရေး အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှု မည်သို့ ပိုမို ကောင်းမွန်စွာ ဖော်ဆောင်မည်နည်း

(GMT+08:00)2024-09-07 12:57:43  

၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေးတွင် တရုတ်နှင့် အာဖရိကနိုင်ငံများသည် ခေတ်မီရေးကို တွန်းအားပေးရန် စီမံကိန်းသစ်ကို ရေးဆွဲ ချမှတ်ထားပါသည်။ စက်တင်ဘာလ ၆ ရက်နေ့က အဋ္ဌမ အကြိမ် တရုတ်နှင့် အာဖရိက လုပ်ငန်းရှင်များ အစည်းအဝေးကို ဘေကျင်းမှာ ကျင်းပခဲ့ရာ ဆေရှဲ၊ တောင်အာဖရိက၊ ကင်ညာ စသည့် အာဖရိကနိုင်ငံ ၄၈ နိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်က တရုတ်နှင့် အာဖရိကနိုင်ငံများသည် ဈေးကွက်များ ချိတ်ဆက်မှုကို တစ်ဆင့်တိုး အားဖြည့်ရန်၊ ကုန်ထုတ်လုပ်မှုများ ပေါင်းစပ်မှုကို တစ်ဆင်တိုး တွန်းအားပေးရန်၊ ဆန်းသစ်တီထွင်မှု တွန်းအားများကို တစ်ဆင့်တိုး မြှင့်တင်ပေးရန် အဆိုပြုခဲ့ပါသည်။

   တရုတ်နှင့် အာဖရိက စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်ခံ့သော အခြေခံ ရှိသည်။ တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ၁၅ နှစ် ဆက်တိုက် ဖြစ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင် နှစ်ဖက်အကြား ကုန်သွယ်မှု စုစုပေါင်း ပမာဏသည် ၂၀၁၃ ခုနှစ်ကထက် ၃၅ ရာခိုင်နှုန်းခန့် တိုးမြင့်လာခဲ့သည်။

   ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံက လာမည့် သုံးနှစ်အတွင်း တရုတ်နှင့် အာဖရိက ခေတ်မီရေး မိတ်ဖက် ဆောင်ရွက်ချက် ၁၀ ခုကို အာဖရိကနှင့် လက်တွဲ တွန်းအားပေး ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်။ ခရီးစဉ်၏ စမှတ်သစ်တွင် တရုတ်နှင့် အာဖရိက လုပ်ငန်းဌာနများသည် ပိုမိုများပြားသော အခွင့်အလမ်းများကို ရင်ဆိုင် နေကြပါသည်။

  တရုတ်နှင့် အာဖရိက ခေတ်မီရေး မိတ်ဖက် ဆောင်ရွက်ချက် ၁၀ ခုတွင် တရုတ်နှင့် အာဖရိက ဒစ်ဂျစ်တယ် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစင်တာများကို လက်တွဲ တည်ဆောက်ခြင်း၊ e- ကုန်သွယ်မှု အပါအဝင် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ အာဖရိကနိုင်ငံများတွင် သန့်စင် စွမ်းအင် တည်ဆောက်ရေးလုပ်ငန်းစဉ် ၃၀ ကို ဖော်ဆောင်ခြင်း စသည့် ဆောင်ရွက်ချက်များ ပါဝင်ထားသည်။ ယင်းသည် နှစ်ဖက်အကြား ပိုမို များပြားသော စီးပွားရေး တိုးတက်မှု အခွင့်အလမ်းသစ်တွေ ဖော်ထုတ် အကောင်အထည်ဖော် ရေးအတွက် အကျိုးပြုသွားမှာ ဖြစ်ပါသည်။ 

   တရုတ်နှင့် အာဖရိကနိုင်ငံများသည် ခေတ်မီရေး ရည်မှန်းချက် ဖော်ဆောင်ရန် အတွက် လက်တွဲ ကြိုးပမ်းသွားမည် ဖြစ်ပြီး နှစ်ဖက်အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစွာ တိုးတက်လာမည် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။