စက်တင်ဘာလ ၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် လက်ရှိ အာဖရိကပူးတွဲသဘာပတိနိုင်ငံ ဆီနီဂေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yacine Fall၊ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အာဖရိကပူးတွဲသဘာပတိထမ်းဆောင်မည့်နိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Claude Gakosso တို့နှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပါသည်။
ဝမ်ယိ က ယခုအကြိမ်ဖိုရမ်ထိပ်သီးအစည်းအဝေးမှ ရရှိခဲ့သည့် အောင်မြင်မှုများကို ရှင်းလင်းဖော်ပြရာတွင် ပထမအချက်မှာ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိခဲ့ သည့် အာဖရိကနိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ဘက်စုံ ထားရှိခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ တရုတ်နိုင်ငံနှင့် အာဖရိကတိုက်အကြား ဆက်ဆံရေးကို ခေတ်သစ်တွင် All-weather ကံကြမ္မာတူအသိုက်အဝန်းအထိ တိုးမြင့် လာခြင်း ဖြစ်ကြောင်း၊ တတိယအချက်မှာ တရုတ်-အာဖရိက ခေတ်မီရေး လက်တွဲ တွန်းအားပေးရန် အဆိုပြုချက် ၆ ခု ကို တင်ပြခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ နောက်အဆင့်ကာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို ရေးဆွဲချမှတ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အာဖရိကနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ယိ က အဆိုပြုချက် ၃ ရပ်ကို တင်ပြခဲ့ရာ ဘက်အသီးသီးတို့၏ သဘောတူညီမှုများ ရရှိရန် မျှော်လင့်ခဲ့ပါသည်။ ၄င်းအဆိုပြုချက် ၃ ရပ်တွင် ပထမအချက်မှာ တရားမျှတမှုကို စွဲကိုင်ထားခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ တန်းတူရည်တူဖြစ်ခြင်း ဖြစ်ကာ တတိယအချက်မှာ လက်တွေ့ကျမှုကို တိုက်တွန်းအားပေးခြင်း တို့ဖြစ်ပါသည်။