တရုတ်ဒုတိယသမ္မတ Han Zheng သည် ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံ

(GMT+08:00)2024-09-05 15:49:54  

စက်တင်ဘာလ ၄ ရက်နေ့က တရုတ်နိုင်ငံဒုတိယသမ္မတ Han Zheng သည် Vladivostok မြို့တွင် ရုရှားနိုင်ငံသမ္မတ ပူတင် နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် Han Zheng က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ ရုရှားနိုင်ငံ သမ္မတ ပူတင် ထံသို့ ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သခြင်းနှင့် ဆုမွန်ကောင်းတောင်းခြင်း ကို တစ်ဆင့်ပြောပြခဲ့ပါသည်။ Han Zheng က တရုတ်-ရုရှားနှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့် သမိုင်းအစသစ်တွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်၌ ခေတ်သစ်တရုတ်-ရုရှားဆက်ဆံရေးမှာ အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်နေသော အရှိန်အဟုန်ကို ဆက်တိုက်ထိန်းသိမ်းထားသဖြင့် တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးရှေ့အလားအလာအပေါ် ယုံကြည်စိတ်အပြည့်အဝရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ အခန်းကဏ္ဍနှင့် သြဇာသက်ရောက်မှုကို တန်ဖိုးထားချီးကျူးပြီး ရုရှားအရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံကာ ပါဝင်ကြောင်း၊ ရုရှားနိုင်ငံ နှင့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို မျှဝေခံစားပြီး ပိုမိုများပြားသော အောင်မြင်မှု ရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများအား အကျိုးရရှိစေကာ အတူတကွတိုးတက်ဖွံ့ဖြိုးရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ပူတင် က နဝမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံဒုတိယသမ္မတ Han Zheng ရုရှားနိုင်ငံသို့ လာရောက်ခြင်းကို ကြိုဆို ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ထံသို့ ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သခြင်းနှင့် ဆုမွန်ကောင်းတောင်းခြင်းကို တစ်ဆင့်ပြောပြရန် မေတ္တာရပ်ခံကြောင်း၊ ရုရှား-တရုတ် ဆက်ဆံရေးမှာ သမိုင်းအကောင်းဆုံးသော အချိန်ကာလတွင် တည်ရှိနေပြီး ရုရှားနိုင်ငံ အနေဖြင့် နှစ်နိုင်ငံစီးပွားကုန်သွယ်ရေး၊ လူမှုယဉ်ကျေးမှု၊ ဒေသန္တရစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားကာ တရုတ်နိုင်ငံနှင့် ပိုမိုများပြားသော ဖွံ့ဖြိုး တိုးတက်ရေးအခွင့်အလမ်းများကို ရှာဖွေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။