စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဘေကျင်းထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့်ကုလသမဂ္ဂမှအာဖရိကတိုက် အား အစဉ်တစိုက်အလေးထားခြင်းကို တန်ဖိုးထားချီးကျူးကြောင်း၊ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ပြီး အာဖရိကတိုက် ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် တိုးတက် ဖွံ့ဖြိုးရေး ရရှိရန် အတူတကွအထောက်အကူပြုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန် သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ်မျက်နှာစုံညီအစည်းအဝေးနှင့်ပတ်သက်သော အကြောင်းအရာနှင့် လက်ရှိကမ္ဘာ့ အခြေအနေအပေါ် မိမိ၏ ထင်မြင်ယူဆချက်များကို ရှင်းလင်းဖော်ပြပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးအား ပိုမိုများပြားသော အခွင့်အလမ်းသစ်များ ဆောင်ကျဉ်းပေးမည် ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် ပါဝါသစ် ထည့်သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် နယ်ပယ်အသီးသီးတွင်ကုလသမဂ္ဂ၏လုပ်ငန်းများ ကို ဆက်လက်တက်တက်ကြွကြွပါဝင်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂအား အနာဂတ် ထိပ်သီးအစည်းအဝေး ကျင်းပရန် ထောက်ခံပြီး နိုင်ငံတကာငွေရေးကြေးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးကာ AI စီမံခန့်ခွဲရေးကို အားသစ်လောင်းပေး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ပိုမိုကြီးမားသော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
ဂူတာရက်စ် က ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး လူ့ပယောဂကြောင့် ခွဲထွက်ရေး ဖန်တီးကာ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသော လုပ်ရပ်များကို ဆန့်ကျင်၍ ဘက်ပေါင်းစုံဝါဒကို အတူတကွကျင့်သုံး ဆောင်ရွက်ရန်၊ တစ်ကမ္ဘာလုံးစီမံခန့်ခွဲရေးကို ပိုမိုတရားမျှတစွာ ဖွံ့ဖြိုးတိုးတက်စေဖို့ တွန်းအားပေးပြီး လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အနာဂတ်ထိပ်သီးအစည်းအဝေးကို အစွမ်းကုန်ပြင်ဆင်နေဆဲ ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ကာ နိုင်ငံတကာငွေရေးကြေးရေးဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေး၍ တစ်ကမ္ဘာလုံး AI စီမံခန့်ခွဲရေးကို အားသစ်လောင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် တွေ့ဆုံ
(GMT+08:00)2024-09-05 16:27:32