China Media Group လက်အောက်ရှိ CGTNမှ မကြာခင်က ထုတ်ပြန်ခဲ့သော ပြည်သူ့ သဘောထား စစ်တမ်းကောက်ယူမှု၏ ရလဒ် အရ အာဖရိက နိုင်ငံများမှ စစ်တမ်း ဖြေကြားသူ ၈၆.၃ရာခိုင်နှုန်းက တရုတ် နိုင်ငံမှ အာဖရိက အပေါ် ကျင့်သုံးနေသည့် ရိုးသားဖြူစင်မှုနှင့် ချစ်ခင်ရင်းနှီးမှု ဖြစ်သည့် ပူးပေါင်းဆောင်ရွက်ရေး ခံယူချက်ကို မြင့်မားစွာ အသိအမှတ်ပြုပြီး ခေတ်ကာလသစ်တွင် ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် မျှော်လင့်ကြကြောင်း ပြောကြားသည်ဟု သိရသည်။
မကြာမီ ဘေကျင်းတွင် ကျင်းပတော့မည့် ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးသည် နှစ်ဖက်တို့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ တွန်းအားပေးရေးနှင့် အဆင့်မြင့်မားသည့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း အတူ တည်ဆောက်ရေး အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်သည်။ အာဖရိက သတင်း ဝက်ဘ်ဆိုက်က ယခုအကြိမ် ထိပ်သီး အစည်းအဝေးသည် စဉ်ဆက်မပြတ် ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ခေတ်သစ်ကို ဖွင့်လှစ်ပေးရန် အလားအလာ ရှိကြောင်း ရေးသားဖော်ပြထားသည်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် အဘယ်ကြောင့် တစ်နေ့တခြား ပိုမို ရင်းနှီးလာနိုင်သနည်း။ အမျိုးသား လွတ်မြောက်ရေး ရရှိရန် အတွက် အားထုတ်ကြိုးပမ်းသည့် အချိန်ကာလ၌ နှစ်ဖက် အကြား စိတ်ရင်း စေတနာကောင်း အပြန်အလှန် ထားရှိခြင်းကြောင့် ဖြစ်သည်၊ နှစ်ဖက်တို့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရန် တူညီသော လိုအင်ဆန္ဒ ရှိခြင်းကြောင့် ဖြစ်သည်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်နှင့် နိုင်ငံတကာ တရားမျှတမှု အတွက် ကြိုးပမ်းဆောင်ရွက်ရန် နှစ်ဖက်တို့ တာဝန်ယူတတ်ခြင်း ရှိခြင်းကြောင့်လည်း ဖြစ်သည်။
လက်ရှိတွင် တရုတ် နိုင်ငံသည် တရုတ် အသွင်ပုံစံ ခေတ်မီရေးကို ဘက်စုံ ဖော်ဆောင်နေသည်။ အာဖရိကသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုကို အကောင်အထည် ဖော်ဆောင်ရန် အတွက် အာဖရိက သမဂ္ဂ၏ “၂၀၆၃ခုနှစ် လုပ်ငန်းစဉ်”တွင် ရေးဆွဲချမှတ် သော မျှော်မှန်းချက်များသို့ အရှိန်မြှင့် ချီတက်နေသည်။ နှစ်ဖက်တို့က ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ ဖော်ဆောင်ကြခြင်းသည် အဆင့်မြင့်မားသည့် တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို အတူ တည်ဆောက်ရေး၏ အစိတ်အပိုင်း ဖြစ်သည်။
တရုတ်နှင့် အာဖရိကတို့သည် အမြဲတစေ အေးအတူပူအမျှဖြစ်ကြသည်။ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က အာဖရိက အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ခြင်းသည် တရုတ် နိုင်ငံခြားရေး၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ မကြာမီတွင် ကျင်းပတော့မည့် ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးသည် တရုတ်-အာဖရိက ဆက်ဆံမှု အနေအထားသစ်ကို သတ်မှတ်ပေးပြီး နှစ်ဖက်တို့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားသစ်ကို ဖော်ဆောင်ပေးကာ တရုတ်နှင့် အာဖရိက ပြည်သူ ၂.၈ဘီလီယံ အတွက် ပိုမို များပြားသည့် ချမ်းသာသုခများကို ဖန်တီးပေး၍ ကမ္ဘာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အတွက် ပိုမို များပြားသည့် အင်အားများကို ပံ့ပိုးပေးမည် ဖြစ်သည်။