တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် မော်ရီတေးနီးယားနိုင်ငံသမ္မတ Mohamed Ould Cheikh El Ghazouani နှင့် တွေ့ဆုံ

(GMT+08:00)2024-09-04 11:34:16  

စက်တင်ဘာလ ၃ ရက်နေ့ ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်နေသည့် မော်ရီတေးနီးယားနိုင်ငံသမ္မတ Mohamed Ould Cheikh El Ghazouani နှင့် တွေ့ဆုံခဲ့ ပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် တရုတ်-မော်ရီတေးနီးယား ဆက်ဆံရေး ကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအထိ မြှင့်တင်ရန် ကြေညာခဲ့ကြပါသည်။
    သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် မော်ရီတေးနီးယားနိုင်ငံမှ တရုတ်နိုင်ငံ၏ အမြုတေအကျိုးစီးပွားနှင့်ပတ်သက်သော ပြဿနာများတွင် တရုတ်နိုင်ငံနှင့် ခိုင်မာစွာ ရပ်တည်ခြင်းကို တန်ဖိုးထားချီးကျူးပြီး မော်ရီတေးနီးယားနိုင်ငံမှ ကိုယ့်နိုင်ငံ၏ ထူးခြားချက် ဝိသေသနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ချီတက်ရန် အစဉ်တစိုက် အခိုင်အမာထောက်ခံကြောင်း အလေးထားပြောကြားခဲ့ပါသည်။
    သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် မော်ရီတေးနီးယားနိုင်ငံနှင့်အတူ ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ပြီး ယခုအကြိမ်ထိပ်သီးအစည်းအဝေးကို အခွင့်ကောင်း အဖြစ်  မှတ်ယူကာ တရုတ်-အာဖရိက ပြည်သူများ၏ အင်အားများကို စုစည်း၍ အဆင့်အတန်းမြင့်မားသော တရုတ်-အာဖရိကကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    သမ္မတ Mohamed Ould Cheikh El Ghazouani က မော်ရီတေးနီးယား-တရုတ် ချစ်ကြည်ရေးမှာ ခိုင်မာနက်ရှိုင်းလှကြောင်း၊ မော်ရီတေးနီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေး ရှိခြင်း အတွက် ဂုဏ်ယူမိကြောင်း၊ မော်ရီတေးနီးယား နိုင်ငံအနေဖြင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ခိုင်မာပြတ်သားစွာ လိုက်နာကျင့်သုံးပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ကျောခိုင်းသော အပြုအမူနှင့် အပြောအဆို မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။