စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့်အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ဘေကျင်းသို့ ရောက်ရှိလာသော နိုင်ဂျီးရီးယား သမ္မတ တီနူဘူနှင့် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်-နိုင်ဂျီးရီးယား ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဖြစ်သို့ မြှင့်တင်ကြောင်း ကြေညာခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အနေနှင့် ယခုအကြိမ် ဘေကျင်း ထိပ်သီး အစည်းအဝေးကို အခွင့်ကောင်း အဖြစ်ထားပြီး တရုတ်-အာဖရိက ချစ်ကြည်ရေး သမိုင်းမှ အတွေ့အကြုံများကို စုစည်း သုံးသပ်ကာ အရည်အချင်းမြင့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး၍ ခေတ်သစ်တွင် တရုတ်-အာဖရိက ဆက်ဆံမှု တိုးတက်ရေး အတွက် တွန်းအားသစ် ထည့်သွင်းပေးလိုကြောင်း ပြောကြားခဲ့သည်။
တီနူဘူက နိုင်ဂျီးရီးယားနှင့် တရုတ်ဆက်ဆံရေးသည် နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ပြီ ဖြစ်ပြီး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ဂျီးရီးယား၏ စီးပွားရေး တိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်တို့သည် တရုတ်နှင့် နိုင်ဂျီးရီးယား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရေးနှင့် အရည်အချင်းမြင့် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။