ရှီကျင့်ဖိန်သည် တောင်အာဖရိက သမ္မတနှင့် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံမှုကို ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဖြစ်သို့ မြှင့်တင်

(GMT+08:00)2024-09-03 10:14:14  

   စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဘေကျင်း ထိပ်သီး အစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော တောင်အာဖရိက သမ္မတ ရာမာဖိုစာနှင့် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံဆက်ဆံမှုကို ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဖြစ်သို့ မြှင့်တင်ကြောင်း ကြေညာခဲ့ကြပါသည်။

   တွေ့ဆုံပွဲတွင် ရှီကျင့်ဖိန်က တရုတ်နှင့် တောင်အာဖရိကအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံမျှော်လင့်ချက်နှင့် ကမ္ဘာ့ တောင်ဖက်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းဝင် ဖြစ်စဉ်နှင့် ကိုက်ညီပြီး အရေးကြီးသည့် ခေတ်အဓိပ္ပာယ်နှင့် နိုင်ငံတကာ သြဇာသက်ရောက်မှု ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် တောင်အာဖရိကနိုင်ငံနှင့် နိုင်ငံတကာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်လိုကြောင်း၊ လာမည့်နှစ်တွင် တောင်အာဖရိက နိုင်ငံ၏ G-20 အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ လုပ်ငန်းတာဝန် ထမ်းဆောင်ခြင်းကို အစွမ်းကုန် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ရာမာဖိုစာက တောင်အာဖရိကနိုင်ငံသည် တရုတ်နိုင်ငံ၏ ယုံကြည် အားကိုးရသော မိတ်ဆွေ ဆက်လက် ဖြစ်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံမှုတည်ထောင်ခြင်းကို အခွင့်ကောင်း အဖြစ်ထားပြီး နှစ်ဖက်အကြား စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ အခြေခံ အဆောက်အအုံ၊ စွမ်းအင်သစ်၊ ဆင်းရဲမှု လျှော့ချရေး စသည့်နယ်ပယ်များမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ လူမှုရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် ပညာရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပေးလိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုတွင် ပိုမိုများပြားသော အောင်မြင်မှု ရလဒ်များ ရရှိလာအောင် တွန်းအားပေး ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။