ဒေသ စံတော်ချိန် ယခုလ ၁ရက်နေ့က ဥရောပ သမဂ္ဂ ပြင်ပလှုပ်ရှားမှုရုံး(European External Action Service)မှ ကြေညာချက် ထုတ်ပြန်ပြီး တရုတ် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောသည် တောင်ပင်လယ်တွင် ဖိလစ်ပိုင် သင်္ဘော အပေါ် အန္တရာယ် ရှိသော ဆောင်ရွက်မှုကို ပြုလုပ်ခဲ့ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည်။ မကြာခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း ကြေညာချက် ထုတ်ပြန်ပြီး တရုတ် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောသည် ဖိလစ်ပိုင် သင်္ဘောကို “တမင်သက်သက် တိုက်”ခဲ့ ကြောင်း သွားပုပ်လေလွင့် ပြောဆိုခဲ့သည်။
အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့သည် တောင်ပင်လယ် ပြဿနာနှင့် သက်ဆိုင်သူ မဟုတ်သောကြောင့် ဝင်ရောက်စွက်ဖက်ပြောဆိုပိုင်ခွင့် မရှိပါ။ တရုတ် ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာကို ဖိလစ်ပိုင်ဘက်မှ ကျူးကျော်ထိပါးမှု အပေါ် ၄င်းတို့ အားပေးပြီး မီးလောင်ရာ လေပင့်သည့် နောက်ကွယ်တွင် ကိုယ်စီ တွက်ချက်မှုများ ရှိသည်။
အမေရိကန်၏ ရှုထောင့်မှ ကြည့်လျှင် ဖိလစ်ပိုင်သည် တရုတ် နိုင်ငံနှင့် ပင်လယ် ရေးရာ အငြင်းပွားမှု ရှိ၍ တောင်ပင်လယ်တွင် အမေရိကန်၏ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ဖော်ဆောင်ရန် အတွက် လက်ကိုင်တုတ် ဖြစ်သည်။ အမေရိကန်၏ ရည်ရွယ်ချက်မှာ တောင်ပင်လယ် အခြေအနေကို အနှောင့်အယှက်ပေးပြီး တရုတ် နိုင်ငံကို ချုပ်နှောင်ထားရန် ဖြစ်သည်။
ဥရောပ သမဂ္ဂ အနေနှင့် အာရှနှင့် ပစိဖိတ် ရေးရာတွင် ဝင်ရောက်စွက်ဖက်သည့် ရည်ရွယ်ချက်မှာ အမေရိကန်၏ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာ အလျှောက် လုပ်ဆောင်ပြီး ၄င်းကိုယ်တိုင်၏ ဩဇာညောင်းမှုကို တိုးမြှင့်ရန် ဖြစ်သည်။ သို့သော် ဥရောပ သမဂ္ဂ၏ လုပ်ရပ်သည် ဒေသတွင်း နိုင်ငံများ၏ တောင်ပင်လယ် အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ရန် ဘုံလိုအင်ဆန္ဒနှင့် ဖီလာဆန့်ကျင်ဖြစ်ပြီး ဥရောပ သမဂ္ဂ၏ ကိုယ့်အကျိုးစီးပွား နှင့် နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းလည်း ဖြစ်သည်။
အမေရိကန်နှင့် ဥရောပ သမဂ္ဂမှ ဖိလစ်ပိုင်ကို မည်သို့ပင် အားပေးသည် ဖြစ်စေ၊ တရုတ် နိုင်ငံက Sabina Shoalကို ပိုင်ဆိုင်ထားသည့် အဖြစ်မှန်အား ပြောင်းလဲစေနိုင်မည် မဟုတ်သလို တရုတ် အချုပ်အခြာ အာဏာနှင့် အဏ္ဏဝါ အခွင့်အရေးကို ဖိလစ်ပိုင်မှ ကျူးကျော်ထိပါးမှု၏ သဘောသဘာဝကို ပြောင်းလဲစေနိုင်မည်လည်း မဟုတ်ပေ။ တောင်ပင်လယ်သည် ငြိမ်းချမ်းရေးပင်လယ် ဖြစ်သည်။ တောင်ပင်လယ်၏ အေးချမ်း တည်ငြိမ်ရေးနှင့် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်သည် ဒေသတွင်း နိုင်ငံများ၏ ဘုံလိုအင်ဆန္ဒ ဖြစ်သည်။ တရားမဝင် တောင်တင်နေသော သင်္ဘောကို ချက်ချင်း ရုပ်သိမ်းရန်နှင့် အခွင့်အာဏာ ကျူးကျော်ထိပါးမှုနှင့် ရန်စမှုကို ချက်ချင်း ရပ်စဲရန်သည် ဖိလစ်ပိုင်၏ တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှု ဖြစ်သည်။ သို့မဟုတ်လျှင် ပိုမိုကြီးမားသည့် တန်ရာတန်ကြေးများကို ပေးဆပ်သွားရမည်ဖြစ်သည်။