ဖိလစ်ပိုင်သည် Sabina Shoal မှ သင်္ဘော နှင့် လူများကို ချက်ချင်းရုပ်သိမ်းသင့်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-08-30 14:06:40  

သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ကျင်းပသော တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်းဗိုလ်မှူးကြီး Wu Qian က တရုတ်နိုင်ငံသည် Sabina Shoal အပါအဝင် နန်ရှားကျွန်းစုနှင့် အနီးတစ်ဝိုက် ပင်လယ် ရပ်ဝန်းအပေါ် ငြင်းခုံ၍ မရသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဖိလစ်ပိုင်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့၏ သင်္ဘော အမှတ်-၉၇၀၁ မှ Sabina Shoal Lagoon သို့ ကျူးကျော်ဝင်ရောက်ပြီး အချိန်ကြာရှည်စွာ တရားမဝင် သောင်တင် နေခြင်းမှာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ကြိမ်ဖန်များစွာ အရေးဆိုခဲ့ကြောင်း၊ Sabina Shoal တွင် ကာလရှည်ကြာစွာ တည်ရှိရန် ဖိလစ်ပိုင်နိုင်ငံ၏ ကြံစည်ချက်မှာ တောင်ပင်လယ်၏ အခြေအနေကို ပိုမိုဆိုးဝါးလာစေပြီး ဒေသတွင်းနိုင်ငံများ၏ ကန့်ကွက်မှုများကို ခံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။
    Wu Qian က သြဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့၏ သင်္ဘော များကို ကြိမ်ဖန်များစွာ စေလွှတ်ပြီး Sabina Shoal သို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားခဲ့ကြောင်း၊ အန္တရာယ်ရှိသည့် နည်းလမ်းဖြင့် တရုတ် တရားဥပဒေ စိုးမိုးရေး သင်္ဘော များကို တမင်သက်သက်တိုက်မိစေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ လိုအပ်သော ကိုင်တွယ်ဖြေရှင်းမှု ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ လုပ်ဆောင်မှုမှာ ပရော်ဖက်ရှင်နယ်ဖြစ်ပြီး စံချိန်စံနှုန်းနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် တိုင်ပင်ဆွေးနွေးရေးဖြင့် သဘောကွဲလွဲမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ထိုသို့စိတ်ရှည်လက်ရှည်မှုမှာလည်း အကန့်အသတ် ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆောင်ရွက်ချက်များကို ချက်ချင်း ပြုလုပ်ပြီး Sabina Shoal မှ သင်္ဘော နှင့် လူများကို ရုပ်သိမ်းပြီး လူများနှင့် အဆောက် အအုံများ မရှိသော Sabina Shoal ၏ မူလအနေအထားကို ပုံမှန် ပြန်ဖြစ်စေသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ခိုင်မာ ထိရောက်သော ဆောင်ရွက်ချက်များကို ဆက် လက်ပြုလုပ်ပြီး ကိုယ်တိုင် ပိုင်နက်နယ်မြေနှင့် အဏ္ဏဝါ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    Wu Qian က အမေရိကန်နိုင်ငံသည် တောင်ပင်လယ်အခြေအနေကို အနှောင့်အယှက် ပေးသည့် အကြီးဆုံးသော ကြိုးကိုင်သူ ဖြစ်သကဲ့သို့ တောင်ပင်လယ်ငြိမ်းချမ်းတည်ငြိမ်ရေးကို အကြီးဆုံးသော ဖျက်ဆီးသူလည်း ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ထောက်ခံ အားပေးမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသည် မှီခိုအားထားသူရှိ၍ မကြောက်မရွံ့ဘဲ ကြိမ်ဖန်များစွာ ရန်စခဲ့ကြောင်း၊ အမေရိကန်-ဖိလစ်ပိုင်အတူတကွ ကာကွယ်ရေးသဘောတူ စာချုပ်ဖြင့် တရုတ်နိုင်ငံအား ခြိမ်းခြောက်ရန် အမေရိကန်နိုင်ငံ၏ ကြံစည်ချက်မှာ ထမြောက်မည် မဟုတ်ဘဲ တရုတ်ပြည်သူများ၏ ပိုမိုကြီးမားသော ဒေါသနှင့် တိုက်ခိုက်မှု စိတ်ဓာတ်များကိုသာ နှိုးဆွပေးရာရောက် ကြောင်း ပြောကြားခဲ့ပါသည်။