သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
မကြာခင်ရက်များအတွင်း ဥရောပသမဂ္ဂ EVကား ထောက်ပံ့ကြေး ပေးမှု ဆန့်ကျင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု နောက်ဆုံး စီရင်ချက်ကို ထုတ်ပြန်ခဲ့ပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် အင်ဂျင်ကြီး ဓာတ်ဆီသုံး မော်တော်ကားများ အပေါ် အခွန်တိုးမြှင့်ကောက်ခံရန်နှင့်ပတ်သက်ပြီး အစည်းအဝေး ကျင်းပကာ လုပ်ငန်းရှင်များ၏ အမြင်နှင့် အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တရုတ် အစိုးရအနေနှင့် စီစဉ်မှု ရှိလား၊ ရှိလျှင် ဘယ်အချိန်မှာ စတင် အကောင်အထည်ဖော်ဆောင်ရန် စီစဉ်ထားသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်ခဲ့သည်။
တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadongက ဥရောပသမဂ္ဂ၏ တရုတ် EVကားအပေါ် ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုသည် စံတင်လောက်သော ကိုယ်ကျိုးစီးပွားကာကွယ်ရေးလုပ်ရပ် ဖြစ်ပြီး တရုတ်-ဥရောပ မော်တော်ကားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးမရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ မော်တော်ကား ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်၏ တည်ငြိမ်မှုအတွက် အကျိုးမရှိကြောင်း၊ ဥရောပသမဂ္ဂ၏ အစိမ်းရောင် အသွင်ကူးပြောင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင် ဖြေရှင်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း အကျိုးမရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်ဘက်က အစိမ်းရောင်နှင့် ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှု အယူအဆကို အမြဲတမ်း စွဲကိုင်ထားကြောင်း၊ ယခင်က ကျွမ်းကျင်သူပညာရှင်အချို့က အင်ဂျင်ကြီး ဓာတ်ဆီသုံး မော်တော်ကားများ အပေါ် အခွန်တိုးမြှင့်ကောက်ခံရန်နှင့်ပတ်သက်သော အကြံ ပြု ချက်များကို တိကျစွာ တင်ပြခဲ့ပြီး ယင်းသည် WTO စည်းမျဉ်းများနှင့် ကိုက်ညီသည့်အပြင် မော်တော်ကားလုပ်ငန်း၏ အစိမ်းရောင် အသွင်ကူးပြောင်းရေးအတွက်လည်း အကျိုးရှိမည်ဟု ယူဆကြကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် အင်ဂျင်ကြီး ဓာတ်ဆီသုံး မော်တော်ကားများ အပေါ် အခွန်တိုးမြှင့် ကောက်ခံရန်နှင့် ပတ်သက်ပြီး အစည်းအဝေး ကျင်းပကာ လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူပညာရှင်များ၏ အမြင်နှင့် အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း၊ ဆက်လက်ပြီး သက်ဆိုင်ရာ အစိုးရဌာနသည် လုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ အမြင်နှင့် အကြံပြုချက်များကို သေချာစွာ လေ့လာပြီး မော်တော်ကား လုပ်ငန်း၏ အစိမ်းရောင် အသွင်ကူးပြောင်းရေးနှင့် အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည် ဖော်ဆောင်ရေးအား အားပေးထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။