ယခုရက်များတွင် တရုတ် ယူနန်ပြည်နယ် ဆစ်ဆောင်ပနားမှ အာရှဆင်များ နောက်ထပ်တစ်ကြိမ် အပြင်ထွက်ပြီး "ခရီးလှည့်လည်"ခဲ့ကြသည်။ ဒေသခံ ရဲများနှင့် စောင့်ကြပ်ရေး ဝန်ထမ်းများ၏ စောင့်ကြပ်ကာကွယ်မှုနဲ့ အာရှဆင် ၄၂ ကောင်သည် အပြင် ထွက်ပြီး အားရပါးရ ခရီးလှည့်လည်ခဲ့ပြီးနောက် နောက်ဆုံးမှာ ၎င်းတို့၏ မူရင်း ကာကွယ်ရေးဇုန်သို့ ပြန်သွားခဲ့သည်။ လွန်ခဲ့သည့် ၃ နှစ်တုန်းကလည်း အာရှဆင် ၁၅ ကောင်သည် မြောက်ပိုင်းသို့ လေးလကြာ လွတ်လွတ်လပ်လပ် ခရီးလှည့်လည်ခဲ့ပြီး လူသားများ၏ ကူညီ စောင့်ရှောက်မှုဖြင့် နောက်ဆုံးမှာ ၎င်းတို့၏ မူရင်း ကာကွယ်ရေးဇုန်သို့ ဘေးကင်းစွာ ပြန်သွားနိုင်ခဲ့ပါသည်။
ယင်းသည် တရုတ်နိုင်ငံ၏ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး၏ ရုပ်ပုံငယ် တစ်ခု ဖြစ်ပါသည်။ တရုတ်အနောက်တောင်ပိုင်းဒေသရှိ ယူနန်ပြည်နယ်သည် ကမ္ဘာပေါ်မှာ ဇီဝ မျိုးစုံမျိုးကွဲ တည်ရှိမှု အကြွယ်ဝဆုံးသော ဒေသများထဲမှာ တစ်ခုအပါအဝင် ဖြစ်သည်။ ယူနန်ပြည်နယ်မှာ တောင်ပံပါသည့် မျိုးစေ့ ရှိသည်၊ မျက်ရည်ကျတတ်သည့် သစ်ပင်မျိုး ရှိသည်၊ ကောက်ညှင်းရနံ့ရှိသည့် သစ်ရွက်မျိုးလည်း ရှိသည်။ ယူနန်ပြည်နယ်သည် အာရှ၌ အကြီးဆုံးသော တောရိုင်း သတ္တဝါ မျိုးစေ့များဘဏ်ကို တည်ထောင်ပြီး နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ သိုလှောင်မှုနှင့် သုတေသနများကို ပြုလုပ်နေပါသည်။
အစိမ်းရောင်သည် တရုတ်နိုင်ငံ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး၏ နောက်ခံ အရောင်ပင် ဖြစ်သည်။ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ ကာဗွန် ထုတ်လွှတ်မှု နည်းပါးပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးစနစ် ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဟု ဖော်ပြခဲ့သည်။ ယခုနှစ် ဇူလိုင်လ လကုန်တွင်လည်း တရုတ် အစိုးရက စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ အစိမ်းရောင် အသွင် ကူးပြောင်းရေး လမ်းညွှန်ချက် စာတမ်းကို ထုတ်ပြန်ပြီး ပထမဆုံးအကြိမ်အဖြစ် ဘက်စုံ အစိမ်းရောင် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး စနစ်ကျ စီမံခန့်ခွဲပေးခဲ့ပါသည်။ စိမ်းလန်းစိုပြေသော တောင်မြေများသည် ရွှေတောင်ငွေတောင်ပင် ဖြစ်ပြီး တရုတ်လူမျိုးများ လိုက်စားနေသည်မှာ လူနှင့် သဘာဝ သင့်မြတ်ဖော်ရွေစွာ အတူယှဉ်တွဲ နေထိုင်ကြသော ခေတ်မီရေးပင် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။