တိုက်ခိုက်မှု အရှိန်မြှင့်တင်ရန် ဆန္ဒမရှိဘဲ လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးနှစ်ဦးနှစ်ဖက် တို့သည် ကြားခံများမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြား

(GMT+08:00)2024-08-26 13:04:47  

သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဆေးယက် ယက်ဆန် နာစရာလာ တို့ သည် ပြင်းပြင်းထန်ထန် ပြောကြားခဲ့ကြသော်လည်း နှစ်ဦးနှစ်ဖက်တို့သည် ကြားခံများမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီ ဖြစ်ပြီး ယခုအကြိမ် တိုက်ခိုက်မှု ပြီးဆုံးပြီ ဖြစ်သဖြင့် ဘက်စုံစစ်ပွဲ ဆင်နွှဲရန် ဆန္ဒမရှိပါဟု ရိုက်တာသတင်းဌာနက သံတမန်အရာရှိ နှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားပါသည်။
    သြဂုတ်လ ၂၅ ရက်နေ့ နံနက်စောစောပိုင်းက လက်ဘနွန်-အစ္စရေး အခြေအနေ ရုတ်တရက်တင်းမာလာခဲ့ပါသည်။ အစ္စရေးတပ်ဖွဲ့က လက်ဘနွန် ဟစ်ဇ်ဘိုလာမှ အတိုင်း အတာကြီးမားသော အလစ်ဝင်တိုက်ခိုက်မှု ပြုလုပ်မည်ဟု သိရှိ ပြီးနောက် ဟစ်ဇ်ဘိုလာပစ်မှတ်များကို အရင်ထိုးစစ်ဆင်သည့် (pre-emptive) တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။ လက်ဘနွန်ဟစ်ဇ်ဘိုလာသည် ကြေညာချက်ကို ထုတ်ပြန်ပြီး ယင်းကို ငြင်းဆိုခဲ့ပါသည်။ လက်ဘနွန်ဟစ်ဇ်ဘိုလာက လွန်ခဲ့သည့်လတွင် အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဘက် ဆင်ခြေဖုံးတွင် လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်ရေးခေါင်းဆောင် Fuad Shukr သေဆုံးခဲ့ ခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် မောင်းသူမဲ့လေယာဉ်နှင့် ဒုံးကျည် အမြောက်အမြားကို အစ္စရေးနိုင်ငံထံသို့ ပတ်လွှတ်ခဲ့ပြီး ပထမအဆင့် တိုက်ခိုက်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ကြေညာခဲ့ပါသည်။