ယခုလ ၂၅ရက်နေ့က ဖိလစ်ပိုင်ဘက်သည် တရုတ်ဘက်မှ အကြိမ်ပေါင်း များစွာ တားမြစ်ခြင်းနှင့် သတိပေးခြင်းကို လျစ်လျူရှုပြီး အမှတ် ၃၀၀၂ သင်္ဘောကို စေလွှတ်ကာ တရုတ် နိုင်ငံ နန်ရှာ ကျွန်းစုရှိ Sabina Shoal အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ ကျူးကျော်ဝင်ရောက်ပြီး ရန်စမှု ပြုလုပ်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အမှတ် ၃၀၀၂ သင်္ဘောသည် တရုတ်ဘက်မှ အကြိမ်ပေါင်းများစွာ တည်ကြည်လေးနက်သော သတိပေးခြင်းကို လျစ်လျူရှုပြီး ဥပဒေ ကျင့်သုံးမှုကို ပုံမှန် ဆောင်ရွက်နေသော တရုတ် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့မှ အမှတ် ၂၁၅၅၁ သင်္ဘောအား အန္တရာယ်ရှိသည့် ပုံစံဖြင့် တမင်သက်သက် ချဉ်းကပ်ကာ တိုက်ခဲ့ကြောင်း၊ ယင်းအပေါ် ဖိလစ်ပိုင်ဘက်မှ လုံးဝ တာဝန်ယူရမည် ဖြစ်ကြောင်း၊ ဖိလစ်ပိုင် သင်္ဘောပေါ်က မီဒီယာ သတင်းထောက်များသည် အဖြစ်မှန်ကို မှားယွင်းအောင် သတင်းဖြန့်ခဲ့ကြောင်း၊ ခရီးစဉ် တစ်လျှောက်လုံးတွင် တရုတ် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့သည် ဖိလစ်ပိုင် သင်္ဘောကို ကြီးကြပ်ပြီး ပြတ်ပြတ်သားသား တားမြစ်ကာ ပြန်လည်ထွက်ခွာရန် နှင်ထုတ်ခဲ့ကြောင်း၊ ၄င်းကိုင်တွယ်ဖြေရှင်းမှုသည် ပရော်ဖက်ရှင်နယ်ဖြစ်ပြီး စံချိန်စံနှုန်းနှင့် ကိုက်ညီကာ ကျိုးကြောင်းမှန်ကန်၊ တရားဝင် ကြောင်း တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကန်ယွီက ပြောကြားခဲ့ ပါသည်။
မကြာခင်က ဖိလစ်ပိုင်ဘက်မှ မတည်ငြိမ်မှု ဖြစ်ရပ်များကို ကြိမ်ဖန်များစွာ တမင် ပြုလုပ်ခြင်းသည် အနေအထား အလွန် ဆိုးရွားကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ အချုပ် အခြာအာဏာကို ဆိုးရွားစွာ ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး တရုတ်တောင်ပင်လယ် ဘက် အသီသီးတို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်းပါ သတ်မှတ်ချက်များကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်အား အချုပ်အခြာ ကျူးကျော်ထိပါးမှု၊ ရန်စမှု၊ သရုပ်ဖျက်မှုနှင့် သတင်းအတုဖြန့်မှုကို ချက်ချင်း ရပ်စဲရန် တရုတ်ဘက်က သတိပေး ပြောကြားလိုသည်။ သို့မဟုတ်လျှင် ယင်းမှ ဖြစ်လာသော ဆိုးကျိုးမှန်သမျှ အပေါ် ဖိလစ်ပိုင်ဘက်မှ လုံးဝ တာဝန်ယူရမည် ဖြစ်သည်။ တရုတ် နိုင်ငံသည် Sabina Shoal အပါအဝင် နန်ရှာ ကျွန်းစုနှင့် အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်း အပေါ် ငြင်းခုံ၍မရသော အချုပ်အခြာ အာဏာပိုင်ခွင့်ရှိသည်။ တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ အနေနှင့် သက်ဆိုင်ရာ ဥပဒေနှင့် အညီ တရုတ် နိုင်ငံ၏ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသော ပင်လယ်ရပ်ဝန်းတွင် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ်ရေးနှင့် တရားဥပဒေ ကျင့်သုံးရေး လှုပ်ရှားမှုကို ဆောင်ရွက်မည် ဖြစ်ပြီး မိမိနိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာနှင့် အဏ္ဏဝါအခွင့်အရေးကို ခိုင်မာပြတ်သားစွာ ထိန်းသိမ်း ကာကွယ်မည် ဖြစ်သည်။