ယခုလ ၂၁ရက်နေ့တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Ma Jiaသည် မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
Ma Jiaသည် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီချန်၏ နှုတ်ခွန်းဆက် အမှာစကားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်ဆင့်ပြောပြပြီး လက်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှု အကြောင်းအရာများကို မိတ်ဆက်ပေးကာ မိမိ၏ တာဝန် သက်တမ်း အတွင်း နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် တွန်းအားပေး၍ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို နက်ရှိုင်းစေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေးကို ဖော်ဆောင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်-မြန်မာ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေး အတွက် ပိုမို များပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ ဆိုင်ရာ ချစ်ကြည်ရေး မူဝါဒကို ဦးလည်မသုန် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအား တရုတ် နိုင်ငံနှင့် ချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်ပြီး ၂၀၂၀ပြည့်နှစ်က သမ္မတ ရှီကျင့်ဖိန်၏ မြန်မာ နိုင်ငံ ခရီးစဉ်တွင် ရရှိခဲ့သော သဘောတူညီမှုကို အတူတကွ အကောင်အထည် ဖော်ဆောင်ကာ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် ကြိုဆိုကြောင်း၊ မြန်မာ နိုင်ငံ အနေနှင့် မြန်မာ နိုင်ငံတွင် တရုတ် ဝန်ထမ်းများနှင့် လုပ်ငန်း စီမံကိန်းများ၏ လုံခြုံရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပေး ပြီး နှစ်နိုင်ငံ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီချန်အား နှုတ်ခွန်းဆက် စကားကို Ma Jiaမှတစ်ဆင့် ပြောပြစေလိုကြောင်း၊ Ma Jiaအား သံအမတ်ကြီး တာဝန် ထမ်းဆောင်ရန် ကြိုဆိုကြောင်း၊ မြန်မာနှင့် တရုတ် နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ကို အတူတကွ ကမကထပြုကြသူ ဖြစ်ပြီး သက်ဆိုင်ရာ မူဝါဒနှင့် စိတ်ဓာတ်များကို အစဉ်တစိုက် လိုက်နာပြီး ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ကြကြောင်း၊ မြန်မာနှင့် တရုတ် အကြား ချစ်ကြည်ရေး သမိုင်းသက်တမ်း ကြာမြင့်ပြီး မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာ အလေးထားကြောင်း၊ နယ်ပယ် အသီးသီးတွင် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးတိုးတက်စေပြီး နှစ်နိုင်ငံ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ခိုင်မာအားကောင်းစေကာ နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းသာသုခများကို ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်ကြောင်း၊ မြန်မာ နိုင်ငံသည် မြန်မာ နိုင်ငံတွင် တရုတ် ဝန်ထမ်းများနှင့် လုပ်ငန်း စီမံကိန်းများ၏ လုံခြုံရေးကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်ပေးပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ကာ တရုတ် နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်ဆောင်ရွက်မှု မှန်သမျှကို ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။