ဥရောပဘက်သည် လျှပ်စစ်ယာဉ် အငြင်းပွားမှု ဖြေရှင်းရေး အတွက် နောက်ဆုံး အခွင့်အလမ်းကို လက်မလွှတ်ပါနဲ့

(GMT+08:00)2024-08-22 11:27:49  

    ဒေသ စံတော်ချိန် ယခုလ ၂၀ရက်နေ့က ဥရောပ သမဂ္ဂ ကော်မရှင်သည် တရုတ်ထုတ် လျှပ်စစ်ယာဉ်များ အပေါ် ထောက်ပံ့ကြေး ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှု၏ နောက်ဆုံး စီရင်ဆုံးဖြတ်ချက် ဆိုင်ရာ ကြိုတင် ထုတ်ဖော်ချက်ကို ထုတ်ပြန်ပြီး တရုတ် နိုင်ငံတွင် တရုတ်နှင့် ဥရောပ သမဂ္ဂမှ ထုတ်လုပ်သော လျှပ်စစ်ယာဉ်များ အပေါ် ၁၇ရာခိုင်နှုန်းမှ ၃၆.၃ ရာခိုင်နှုန်း အထိ ဖြစ်သည့် ထောက်ပံ့ကြေး ဆန့်ကျင်ရေး အခွန်ကို ၅နှစ်ကြာ ကောက်ခံရန် အကြံပြုထားသည်။ ၄င်း ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆောင်ရွက်ချက် ကို လက်တွေ့ဖော်ဆောင်မည် ဆိုလျှင် တရုတ် မော်တော်ယာဉ် လုပ်ငန်း၏ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေပြီး တရုတ်နှင့် ဥရောပ သမဂ္ဂ၏ သက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုများကို ဖျက်ဆီးကာ ဥရောပ သမဂ္ဂကိုလည်း ထိခိုက်စေမည် ဖြစ်သည်။

    ယခုနှစ် ဇွန်လ တတိယ ဆယ်ရက်ပတ် မှစ၍ လျှပ်စစ်ယာဉ် အငြင်းပွားမှုကို ဖြေရှင်းရန် အတွက် တရုတ်နှင့် ဥရောပ သမဂ္ဂ အကြား နည်းပညာ ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ၁၀ကြိမ် ကျော် ကျင်းပခဲ့ပြီ ဖြစ်သည်။ သို့သော် ဥရောပ သမဂ္ဂမှ ထုတ်ပြန်ခဲ့သော ယင်းနောက်ဆုံး စီရင်ဆုံးဖြတ်ချက် ဆိုင်ရာ ထုတ်ဖော်ချက်သည် နှစ်ဖက်တို့ အတူတကွ အတည်ပြုခဲ့ကြသော အဖြစ်မှန်၏ အခြေခံပေါ်တွင် မဟုတ်ဘဲ ဥရောပ သမဂ္ဂဘက်မှ တစ်ဖက်သတ် အတည်ပြုခဲ့သော “အဖြစ်မှန်”ကိုသာ အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၍ ဥရောပ သမဂ္ဂဘက်မှ တဖွဖွ ပြောဆိုသည့် “စည်းမျဉ်းဥပဒေ၊ ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရေးနှင့် တရားမျှတရေး” မူများနှင့် ဖီလာဆန့်ကျင် ဖြစ်နေသည်။ 

ဥရောပ သမဂ္ဂ၏ လုပ်ရပ်သည် ဥရောပ နိုင်ငံရေး လောကနှင့် စီးပွားကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များမှ ကျယ်ပြန့်စွာ ဝေဖန်မှုများကို ခံရသည်။ ဂျာမဏီ နိုင်ငံ ဝန်ကြီးချုပ် Olaf Scholz စသည့် ခေါင်းဆောင်များက မော်တော်ယာဉ် ကုန်သွယ်မှု ကန့်သတ်ရေးကို လူသိရှင်ကြား ဆန့်ကျင်ပြီး ကုန်သွယ်ရေး တရားမျှတမှုနှင့် လွတ်လပ်မှုကို ထိန်းသိမ်း ကာကွယ်ရန် ပန်ကြားခဲ့ကြသည်။ ဗြိတိန် နိုင်ငံ The Times သတင်းစာ အပါအဝင် မီဒီယာများမှ ဆောင်းပါးများတွင် ဥရောပ သမဂ္ဂ၏ ယင်းလုပ်ရပ်သည် ယုတ္တိမရှိကြောင်း ရေးသားဖော်ပြထားသည်။

ယခုလ ၉ရက်နေ့က တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ၏ လျှပ်စစ်ယာဉ်များဆိုင်ရာ ယာယီထောက်ပံ့ကြေး ဆန့်ကျင်ရေးအစီအမံနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အငြင်းပွားမှု ဖြေရှင်းရေးယန္တရားထံ တိုင်ကြားခဲ့သည်။ ယင်းသည် တရုတ် နိုင်ငံ အနေနှင့် လိုအပ်သည့် ဆောင်ရွက်ချက် မှန်သမျှကို အသုံးပြုပြီး တရုတ် လုပ်ငန်း ကုမ္ပဏီများ၏ တရားမျှတမှန်ကန်သည့် အခွင့်အရေးကို ခိုင်မာပြတ်သားစွာ ထိန်းသိမ်း ကာကွယ်မည့် အချက်ပြလိုက်ခြင်း ဖြစ်သည်။

        သက်ဆိုင်ရာ အစီအစဉ် အရ ဥရောပ သမဂ္ဂ ကော်မရှင်သည် နိုဝင်ဘာလ ၄ရက်နေ့ မတိုင်မီတွင် နောက်ဆုံး စီရင်ဆုံးဖြတ်ချက်ကို ချမှတ်မည် ဖြစ်သည်။ နောက်ဆုံး window period နီးကပ်လာသည်နှင့် အမျှ ကုန်သွယ်ရေး အငြင်းပွားမှု အရှိန်မမြင့်စေရန်နှင့် တရုတ်-ဥရောပ အကြားရှိ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မထိခိုက်စေရန် အတွက် ဥရောပဘက်သည် ၄င်း၏ အတွင်းပိုင်းမှ အသံများကို လေးနက်စွာ နာကြားပြီး တရုတ် နိုင်ငံနှင့် သင်လျော်ပြေလည်သော ဖြေရှင်းရေး နည်းလမ်းကို အတူတကွ အရှိန်မြှင့် ညှိနှိုင်းဆွေးနွေးရှာကြံရန် လိုအပ်သည်။ သို့မဟုတ်လျှင် ဥရောပဘက်မှ အမြတ်မထွက် အရှုံးဖက် ဖြစ်မည် ဖြစ်သည်။