သြဂုတ်လ ၂၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop နှင့် ဘေကျင်းမြို့တွင် တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံထက်မဆို မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိပြီး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် ပိုပြီးမျှော်လင့် ကြောင်း၊ မြန်မာအရေးကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံရေးကို လေးစားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် မြန်မာနိုင်ငံသား ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံသား ဦးဆောင်သော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စွဲကိုင်ထားလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအဖွဲ့မှ အဓိကလမ်းကြောင်း အခန်းကဏ္ဍမှ ပါဝင်ခြင်းကို ထောက်ခံပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘော တူညီချက် ၅ချက်နှင့် မြန်မာနိုင်ငံမှ တင်ပြထားသော လမ်းကြောင်းပြမြေပုံသစ် ၅ရပ်တို့သည် အပြန်အလှန်တွန်းအားပေးပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။
ဝမ်ယိ က မြန်မာအရေးကိစ္စ ရှုပ်ထွေးလှပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနှင့် ထူးခြားသော အခန်းကဏ္ဍမှ ပါဝင်နေ ကာ တာဝန်ကြီးလေးလှကြောင်း၊ အဆွေတော်အား မြန်မာနိုင်ငံ၏ ထူးခြားသော နိုင်ငံတော် အခြေအနေနှင့် မြန်မာအရေးကိစ္စအမှုသွားအမှုလာကို နက်ရှိုင်းစွာ သိရှိနားလည်ပြီး တရားမျှတသော ရပ်တည်ချက်ကို စွဲကိုင်ထားကာ ဘက်အသီးသီးကြား ဆက်ဆံရေးကို ချိန်ခွင်လျှာညီမျှစွာ ကိုင်တွယ်ဖြေရှင်းရန်၊ မြန်မာပြည်သူများ၏ ရေရှည်အကျိုးစီးပွားမှနေ သဘောကွဲလွဲမှုများကို ရင်ကြားစေ့ရန် ထိရောက်သော နည်းလမ်းများကို မြန်မာနိုင်ငံအား ကူညီရှာပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် အဆွေတော် တာဝန်ထမ်းဆောင် ခြင်းအတွက် ထောက်ခံမှုနှင့် အကူအညီ ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး ကျေအေးရေးနှင့် ရေရှည်တည်ငြိမ်ရေး အကောင်အထည်ဖော်ရန်အတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
Julie Bishop က တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့နှင့် ရင်းနှီးစွာ ကူးလူးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ မြန်မာအရေးကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန် သဘောတူညီမှုများ ရရှိပြီး အချင်းပွားမှုများကို ဆောလျင်စွာ ရပ်စဲကာ လူသားချင်းစာနာထောက်ထားရေးအခြေအနေကို လျော့ပါးစေ၍ မြန်မာနိုင်ငံသား ဦးဆောင်သော ရေရှည်ငြိမ်ချမ်းရေးနှင့် စည်ပင်သာယာရေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဝမ်ယိ သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop နှင့် တွေ့ဆုံ
(GMT+08:00)2024-08-21 16:12:03