သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန် ၏ဇနီး မဒမ်ဖုန်လိယွမ် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ တိုလမ် ၏ဇနီး မဒမ် Ngo Phuong Ly နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
မဒမ်ဖုန်လိယွမ် က တရုတ်နှင့်ဗီယက်နမ်နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေသော အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံတို့သည် စာပေ၊ အနုပညာနှင့် အစားအသောက် စသည့်နယ်ပယ်များတွင် ယဉ်ကျေးမှု တူညီကြောင်း၊ နှစ်ဦးနှစ်ဖက်အကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး အချင်းချင်း သိရှိနားလည်မှုကို တိုးပွားစေကာ တရုတ်-ဗီယက်နမ် ချစ်ကြည်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မိန်းကလေးနှင့် အမျိုးသမီး ပညာရေးအပါအဝင် အမျိုးသမီးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတွင် အရေးကြီး သော အောင်မြင်မှုများ ရရှိခဲ့သဖြင့် နှစ်ဦးနှစ်ဖက်တို့၏ ကူးလူးဖလှယ်ရေးနှင့် အချင်းချင်းလေ့လာအတုယူရေးကို မြှင့်တင်နိုင်ကြောင်း၊ တစ်ဦး၏ ဘာသာစကားကို တစ်ဦးက လေ့လာသင်ယူပြီး ချစ်ကြည်ရေး တိုးပွားစေရန် နှစ်နိုင်ငံလူငယ်များကို အားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။
မဒမ် Ngo Phuong Ly က မိမိအနေဖြင့် တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားပြီး ဗီယက်နမ်-တရုတ်နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် အချင်းချင်းလေ့လာ အတုယူရေး အဆက်မပြတ်မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့၏ အမျိုးသမီး၊ လူငယ်များအကြား ကူးလူးဆက်ဆံရေးကို မြှင့်တင်ရန် တစ်ဆင့်တက် တွန်းအားပေးပြီး အချင်းချင်းသိရှိနားလည်မှုများ တိုးပွားစေကာ ပြည်သူများအကြား ချစ်ကြည်ရေးကို တိုးပွားစေသင့်ကြောင်း ပြောကြားခဲ့ပါသည်။
မဒမ်ဖုန်လိယွမ် သည် မဒမ် Ngo Phuong Ly နှင့် တွေ့ဆုံနှုတ်ဆက်
(GMT+08:00)2024-08-20 11:49:03