ဖိလစ်ပိုင်သည် တောင်ပင်လယ် ငြိမ်းချမ်းရေးကို သစ္စာဖောက် ဖျက်ဆီးသူပင် ဖြစ်

(GMT+08:00)2024-08-20 12:21:01  

ယခုလ ၁၉ရက်နေ့ နံနက် အစောပိုင်းက ဖိလစ်ပိုင် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ဘော ၂စင်းသည် တရုတ် အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ တရုတ် နိုင်ငံ နန်ရှာ ကျွန်းစုရှိ Sabina Shoal အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘော၏ တားမြစ်ခြင်းနှင့် သတိပေးခြင်းကို လျစ်လျူရှုကာ အန္တရာယ်ရှိသည့် ပုံစံဖြင့် တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ဘောအား တမင် သက်သက် တိုက်ခဲ့သည်။ တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့သည် တရုတ် ပြည်တွင်း ဥပဒေနှင့် နိုင်ငံတကာ ဥပဒေနှင့် အညီ ဖိလစ်ပိုင်ဘက်မှ သင်္ဘောများကို လိုအပ်သော ကိုင်တွယ်ဖြေရှင်းရေး ဆောင်ရွက်ချက်ကို ပြုလုပ်ခဲ့သည်။ ၄င်းကိုင်တွယ်ဖြေရှင်းမှုသည်  ပရော်ဖက်ရှင်နယ်ဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ စံချိန်စံနှုန်းနှင့် ကိုက်ညီသည်။

ယင်းအပေါ် ဖိလစ်ပိုင်ဘက်မှ လုံးဝ တာဝန်ယူရမည် ဖြစ်သည်။ တရုတ် တောင်ပင်လယ် တွင် ရန်စမှုကို ထပ်ခါတလဲလဲ ပြုလုပ်ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေသူ သည် ဖိလစ်ပိုင်ပင် ဖြစ်ကြောင်း အဖြစ်မှန်များက သက်သေပြနေသည်။ ဖိလစ်ပိုင်ဘက်၏ ယင်းလုပ်ရပ်သည် တရုတ်တောင်ပင်လယ် ဘက်အသီသီးတို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်းပါ သတ်မှတ်ချက်များကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာများတွင် အာဆီယံ၏ ဗဟိုချက် အဆင့်နေရာကို ဖျက်ဆီးခြင်း ဖြစ်ကာ အခြား အာဆီယံ နိုင်ငံများ၏ အကျိုးစီးပွားများကို ထိခိုက်စေ၍ တောင်ပင်လယ် ငြိမ်းချမ်းရေး သစ္စာဖောက် ဖျက်ဆီးသူ ဖြစ်လာသည်။

Sabina Shoalသည် တရုတ် နိုင်ငံ နန်ရှာ ကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ပြီး တရုတ် နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေ ဖြစ်ကာ လူသူမဲ့ကျွန်းလည်း ဖြစ်သည်။ ယခုနှစ် ဧပြီလ မှစ၍ ဖိလစ်ပိုင်ဘက်မှ ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့၏ အကြီးစား သင်္ဘောများကို စေလွှတ်ပြီး Sabina Shoal ပင်လယ်ရပ်ဝန်းသို့  ကျူးကျော်ဝင်ရောက်ကာ Sabina Shoal lagoon တွင် တရားမဝင် သောင်တင်နေသည်။ ယခုအကြိမ်  ဖိလစ်ပိုင် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောများ Sabina Shoal အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ တရားမဝင် ကျူးကျော် ဝင်ရောက်သည့် အဓိက ရည်ရွယ်ချက်မှာ  တရားမဝင် သောင်တင်နေသော  သင်္ဘောများအား ထောက်ပံ့မှု ပေးပြီး ရေရှည် တည်ရှိမှုကို ရှာကြံကာ တရုတ် တောင်ပင်လယ်တွင်  ၄င်း၏ တရားမဝင် ပိုင်ဆိုင်မှုကို တိုးချဲ့ရန် ဖြစ်သည်။

လက်ရှိတွင် တရုတ်နှင့် အာဆီယံ နိုင်ငံများသည် “တရုတ် တောင်ပင်လယ်  စီမံခန့်ခွဲမှု မူဝါဒ” ဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းကို ဆက်တိုက် တွန်းအားပေးပြီး ပင်လယ်ပြင် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ ဖော်ဆောင်နေသည်။ တရုတ်   တောင်ပင်လယ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ အနေနှင့် ငြိမ်းချမ်းရေး ရည်မှန်းချက်ကို အမြဲ စွဲကိုင်ပြီး တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုကို သင့်လျော်ပြေလည်စွာ စီမံထိန်းချုပ်ရန်လည်း စွဲကိုင်ထားသည်။ သို့သော် တရုတ် နိုင်ငံသည် ပိုင်နက်နယ်မြေ အချုပ်အခြာနှင့် အဏ္ဏဝါအခွင့်အရေးကို  ခိုင်မာ ပြတ်သားစွာ ထိန်းသိမ်းကာကွယ်မည် ဖြစ်သည်။ ဖိလစ်ပိုင်သည် ကျူးကျော်ထိပါးမှု လုပ်ရပ်များကို ချက်ချင်းရပ်စဲပြီး သက်ဆိုင်ရာ သင်္ဘောများကို ရုပ်သိမ်းရမည် ဖြစ်သည်။ သို့မဟုတ်လျှင် တန်ရာတန်ကြေးများကို ပေးဆပ်သွားရမည်ဖြစ်သည်။