Sabina Shoalသို့ ဖိလစ်ပိုင် သင်္ဘောများ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တုံ့ပြန် ပြောကြား

(GMT+08:00)2024-08-19 20:21:41  

ယခုလ ၁၉ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပရာတွင် ထိုနေ့၌ ဖိလစ်ပိုင် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ဘော ၂စင်းသည် တရုတ် အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ တရုတ် နိုင်ငံ နန်ရှာ ကျွန်းစုရှိ Sabina Shoal အနီးတဝိုက် ပင်လယ်ရပ်ဝန်းသို့  ကျူးကျော်ဝင်ရောက် ပြီး တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘော၏ တားမြစ်ခြင်းနှင့် သတိပေးခြင်းကို လျစ်လျူရှုကာ အန္တရာယ်ရှိသည့် ပုံစံဖြင့် တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့မှ သင်္ဘောအား တမင်သက်သက် တိုက်ခဲ့ကြောင်း၊ ယင်းအပေါ် ဖိလစ်ပိုင်ဘက်မှ လုံးဝ တာဝန်ယူရမည် ဖြစ်ကြောင်း၊ တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့သည် တရုတ် ပြည်တွင်း ဥပဒေနှင့် နိုင်ငံတကာ ဥပဒေနှင့် အညီ ဖိလစ်ပိုင်ဘက်မှ သင်္ဘောများကို လိုအပ်သော ကိုင်တွယ်ဖြေရှင်းရေး ဆောင်ရွက်ချက်ကို ပြုလုပ်ခဲ့ကြောင်း၊ ၄င်းကိုင်တွယ်ဖြေရှင်းမှုသည်  ပရော်ဖက်ရှင်နယ်ဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ စံချိန်စံနှုန်းနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် မော်နင်က Sabina Shoalသည် တရုတ် နိုင်ငံ နန်ရှာ ကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ပြီး တရုတ် နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေ ဖြစ်ကာ လူသူမဲ့ကျွန်းလည်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်မှ ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောများကို စေလွှတ်ပြီး Sabina Shoal   ပင်လယ်ရပ်ဝန်းသို့  ကျူးကျော်ဝင်ရောက်ကာ Sabina Shoal lagoonတွင် တရားမဝင် သောင်တင်နေသော ဖိလစ်ပိုင် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောအား ထောက်ပံ့မှု ပေးရန် ကြံစည်၍ ရေရှည် တည်ရှိမှုကို ရှာကြံနေခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်မှ ယင်း လုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး တရုတ်တောင်ပင်လယ် ဘက်အသီသီးတို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်းပါ သတ်မှတ်ချက်များကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကာ တရုတ်တောင်ပင်လယ် အေးချမ်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း၊ တရုတ်ဘက်သည်  ယင်းအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မိမိနိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာနှင့် အဏ္ဏဝါအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန်နှင့် တရုတ်တောင်ပင်လယ် ဘက်အသီသီး တို့၏ ကျင့်ဝတ်ဆိုင်ရာ ကြေညာစာတမ်း၏ တည်ကြည်လေးနက်မှုကို ကာကွယ်ရန် အတွက် သက်ဆိုင်ရာ ဥပဒေများနှင့် အညီ ခိုင်မာပြတ်သား အားကောင်းသော ဆေင်ရွက်ချက်များကို ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။