ရှီကျင့်ဖိန် သည် တိုလမ် နှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-08-19 19:08:55  

သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဗီယက်နမ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ တိုလမ် နှင့် တွေ့ဆုံခဲ့ ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က အဆွေတော်အား တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ကြိုဆိုကြောင်း၊ အဆွေတော်အား ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရခြင်းအပေါ် ဂုဏ်ပြုထောမနာပြုသည်ဟု ထပ်မံ ပြောကြားလိုကြောင်း၊ အဆွေတော်မှ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရ ပြီးနောက် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမှာ အဆွေတော်မှ နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးအား လွန်စွာဂရုစိုက်ခြင်းကို အပြည့်အဝဖော်ပြနိုင်သည့်အပြင် တရုတ်- ဗီယက်နမ်ဆက်ဆံရေး၏ အဆင့်မြင့်အရည်အချင်းနှင့် မဟာဗျူဟာမြောက်  အနက် အဓိပ္ပါယ် ကိုလည်း ပြဆိုနိုင်ကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့် ကောင်းမွန်သော အလုပ်ဆက်ဆံရေးနှင့် ပုဂ္ဂိုလ်ရေးချစ်ကြည်မှုကို ထားရှိပြီး တရုတ်-ဗီယက်နမ်ကံကြမ္မာတူ အသိုက်အဝန်း ပိုမိုနက်ရှိုင်းထိရောက်စွာ တည်ဆောက်နိုင်ဖို့ အတူတကွဦးဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား အိမ်နီးချင်းသံတမန် ဆက်ဆံရေး၏ ဦးစားပေးနိုင်ငံအဖြစ် အစဉ်တစိုက်ထားရှိပြီး ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုတွင် ဗီယက်နမ် နိုင်ငံ၏ ထူးခြားချက် လက္ခဏာနှင့် ကိုက်ညီသော ဆိုရှယ်လစ်လမ်းကြောင်း အတိုင်း ချီတက်ကာ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဆိုရှယ်လစ် ခေတ်မီရေး လုပ်ငန်းများကို ဇောက်ချပြုလုပ်သော ဗီယက်နမ်နိုင်ငံကို အမြဲတစေ ထောက်ခံလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
    ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ်ပါတီနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ နှစ်ပါတီတို့သည် ချစ်ခင်ရင်းနှီးသော မူလရည်ရွယ်ချက်ကို စွဲကိုင်ထားပြီး အစဉ်အလာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းကာ တူညီသော တာဝန်ဝတ္တရားကို စွဲစွဲမြဲမြဲ မှတ်ထား၍ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် ဆိုရှယ်လစ် စနစ်ကို စွဲကိုင်ထားရကြောင်း၊ မဟာဗျူဟာမြောက် အဓိပ္ပါယ်ရှိသော တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက် ဇောက်ချပြုလုပ်ပြီး ကမ္ဘာ့ဆိုရှယ်လစ် လုပ်ငန်းများ အတူတကွမြှင့်တင် ဆောင်ရွက်ကာ မိမိတို့၏ လမ်းကြောင်းသည် သွားလေလေ ကျယ်ပြန့်လေလေ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
    ထိုနေ့တွင် ရှီကျင့်ဖိန် နှင့် တိုလမ် တို့သည် နှစ်နိုင်ငံအကြား သဘောတူစာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုပွဲကိုလည်း တက်ရောက်ခဲ့ကြပါသည်။