ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နဝမအကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Aisili တို့သည် ယင်းအစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပခဲ့ကြပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Som Jintha၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Salomxay၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Nguyen Minh Heng တို့က အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသူများက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်မှ ရရှိခဲ့သော အပြုသဘောဆောင်သည့် တိုးတက်မှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်သည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း အောင်ကျိုးရလဒ် အရှိဆုံးနှင့် ရှင်သန်မှုအရှိဆုံးသော ယန္တရားတစ်ခုဖြစ်လာသည်ဟု ယုံကြည်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို ကျဉ်းမြောင်းစေပြီး အာဆီယံ တစ်ပြေးညီဖြစ်စေရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်နှင့် နိုင်ငံအားလုံးရှိ ပြည်သူများ အကျိုးရရှိစေရန်အတွက် တရုတ်နိုင်ငံက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှတစ်ဆင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက် ရေး ပရောဂျက် အများအပြားအား ထောက်ပံ့ကူညီမှုများကို တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါသည်။