၉ ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပခဲ့သည်။ အစည်းအဝေးပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် သတင်းထောက်များနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ အရေးကိစ္စအကြောင်းပြောကြားခဲ့သည်။
Mr. Wang Yi က ယခုအကြိမ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီတွင် မိမိသည်ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) နှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံက တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ပြန့်ပွားအောင် ခိုင်မာစွာလုပ်ဆောင်မှု၊ ပြည်တွင်းရေးကိုမစွက်ဖက်သည့် အခြေခံမူကျင့်သုံးမှု၊ မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကိုမျက်နှာမူသည့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒကို ကျင့်သုံးမှုတို့ကို ပြောကြားခဲ့ကြောင်း၊ တာဝန်ယူမှုရှိသည့် နိုင်ငံကြီးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံက လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်မှုနှင့် နယ်မြေတည်တံ့မှုအား ကာကွယ်ထိန်းသိမ်းမှုကို မိမိတို့ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက ပြည်တွင်းတည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများလူနေမှုဘဝ တိုးတက်ကောင်းမွန်လာမှုအား ဖော်ဆောင်ရန်ကြိုးပမ်းမှုကို ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက “ရှေ့လုပ်ငန်းစဉ်ငါးရပ်” အသစ်အတိုင်း မြန်မာနိုင်ငံ အခြေခံဥပဒေမူဘောင်အတွင်း၌ ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကိုဖော်ဆောင်၍ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်တွင်း၌ ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ပွဲဖြစ်ပွားမှုအား လှုံ့ဆော်သည့်အပြုအမူကို ဆန့်ကျင်ပါကြောင်း၊ ဒေသပြင်ပအင်အားစုက မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် တမင်ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့သည်။
Mr. Wang Yi က တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တစ်ဆင့်တိုးခိုင်မာစေရန်၊ နယ်ပယ်စုံလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်း၊ စီမံကိန်းနှင့် တရုတ်-မြန်မာနယ်စပ်ဒေသ ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးရန်၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား ပူးတွဲတိုက်ဖျက်မှုကို တိုးမြှင့်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာလာအောင် မြှင့်တင်ဆောင်ရွက်သွားရန်တို့ကို သဘောတူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲကာ တည်ငြိမ်မှုထိန်းသိမ်းရန်၊ ပြည်သူလူထု၏ဘေးကင်းလုံခြုံမှုကို အာမခံရန်၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကိုကန့်ကွက်ရန် ထောက်ခံအားပေးသည့် ဘုံသဘောထားကို ဘက်အသီးသီးနှင့်အတူ ထုတ်ဖော်ပြောကြားသွားရန် တရုတ်နိုင်ငံမှ ဆန္ဒရှိပါကြောင်း၊ အာဆီယံမိသားစုတွင် မြန်မာနိုင်ငံမပါ၍မဖြစ်ကြောင်း၊ အာဆီယံသည် မိမိကိုယ်တိုင် စည်းလုံးညီညွတ်မှုအားထိန်းသိမ်းရန် တရုတ်နိုင်ငံက ထောက်ခံအားပေးပါကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော “ဘုံသဘောတူညီချက်ငါးရပ်” အားအကောင်အထည်ဖော်ဆောင်မှုကို ထောက်ခံအားပေးပါကြောင်း၊ အာဆီယံက ကြားဝင်စေ့စပ်သည့် အဓိကလမ်းကြောင်းအနေဖြင့် “အာဆီယံနည်းလမ်း” ဖြင့် မြန်မာနိုင်ငံအရေးကိစ္စ “အဆင်ပြေချောမွေ့စွာ ညှိနှိုင်းဖြေရှင်းခြင်း (Soft Landing)” ဖော်ဆောင်ရန် ထောက်ခံအားပေးပါကြောင်း၊ ဘက်အသီးသီးက မြန်မာနိုင်ငံတည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် မိမိတို့မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။