၂၀၂၄ ခုနှစ် ဟိုင်နန် နတ်သမီးခုနစ်ဖော်ရေပူစမ်း ရေကစားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

(GMT+08:00)2024-08-16 12:45:37  

ဩဂုတ်လ ၁၀ ရက်နေ့က ၂၀၂၄ ခုနှစ် ဟိုင်နန် နတ်သမီးခုနစ်ဖော်ရေပူစမ်း ရေကစားပွဲတော်ကို ပေါင်ထိန် လီ ၊ မြောင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှာ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ ဒေသခံပြည်သူများနဲ့ အနယ်နယ်အရပ်ရပ်မှရောက်ရှိလာတဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေဟာ လီတိုင်းရင်းသား၊ မြောင်တိုင်းရင်းသား ရိုးရာဓလေ့တွေ ပြည့်ဝနေတဲ့ အဆိုအကများကို အတူရှုစားခဲ့ကြပြီး ပျော်ရွှင်ဖွယ် လှည့်လည်ပွဲကြီးကို ကိုယ်တိုင်ပါဝင်ဆင်နွှဲကာ ထူးခြားတဲ့စားသောက်ဖွယ်ရာများကို မြည်းစမ်းကြည့်ကြပါတယ်။

ဟိုင်နန် နတ်သမီးခုနစ်ဖော်ရေပူစမ်း ရေကစားပွဲတော်ဟာ ပေါင်ထိန်ခရိုင်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ စည်ကားသိုက်မြိုက်တဲ့ တိုင်းရင်းသားရိုးရာပွဲတော် ဖြစ်ပြီး လီတိုင်းရင်းသား၊ မြောင်တိုင်းရင်းသားတို့ရဲ့ အရပ်ထဲက ပူဇော်ပွဲကနေ ဆင်းသက်လာတဲ့ ပွဲတော်လှုပ်ရှားမှုဖြစ်ပါတယ်။ ယခုနှစ် ရေကစားပွဲတော်ကို ဩဂုတ်လ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး “ကြည်နူးဖွယ် ချစ်သူများနေ့မှာ ပေါင်ထိန်ခရိုင်ကို သွားလည်မယ်” ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။

ပျော်ပျော်ပါးပါးရေဆော့ကစားခြင်းဟာ ရေကစားပွဲတော်ရဲ့ အစည်ကားဆုံး “အဓိကအစီအစဉ်” ဖြစ်ပါတယ်။ ထိုနေ့ဟာ “တရုတ်ချစ်သူများနေ့” နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အနီးဝန်းကျင်က ဒေသခံပြည်သူတွေ၊ ရပ်ဝေးကနေလာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေဟာ ရောင်စုံရေသေနတ်တွေကို ကိုင်ထားကြပြီး တစ်ဦးနဲ့တစ်ဦး သိကျွမ်းသည်ဖြစ်စေ မသိကျွမ်းသည်ဖြစ်စေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ “မွန်မြတ်စင်ကြယ်တဲ့ရေတွေ” အပြန်အလှန် ပက်ဖျန်းခဲ့ကြပါတယ်။

ဟိုင်နန် နတ်သမီးခုနစ်ဖော်ရေပူစမ်း ရေကစားပွဲတော်ဟာ လီတိုင်းရင်းသား၊ မြောင်တိုင်းရင်းသား ယဉ်ကျေးမှုတို့ကို ဖော်ထုတ်ရန်၊ ပြန့်ပွားစေရန်အတွက် အရေးပါတဲ့ ပွဲတော်တစ်ရပ်ဖြစ်လာပြီး ပေါင်ထိန်ခရိုင်ရဲ့ တမူထူးခြားတဲ့ “ယဉ်ကျေးမှုခရီးသွားလာရေး ကိုယ်စားပြုအမှတ်တံဆိပ်” တစ်ခု ဖြစ်လာပါတယ်။