ဒေသစံတော်ချိန် ၂၀၂၄ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နေပြည်တော်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို အမွေဆက်ခံရန်နှင့် ရှေ့သို့ဆက်လက်သွားရန် ဆန္ဒရှိကြောင်း၊ အပြန်အလှန် ထောက်ခံပြီး အပြန်အလှန် ဖေးမကူညီကာ တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲ တွန်းအားပေးလိုကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အဆင့်မြင့် ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းပြီး နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို တက်တက်ကြွကြွနှင့် မှန်မှန်မြှင့်တင်ရန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ဘေးကင်းပြီး အဆင်ပြေစွာ လည်ပတ်မှုကို အာမခံပေးရန်၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နယ်စပ်ဖြတ်ကျော်သော ရာဇ၀တ်မှုများကို ပူးပေါင်းပြီးတိုက်ဖျက်ရန် စိုက်ပျိုးရေးအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်စေရန်နှင့် မြန်မာပြည်သူများ၏ စားဝတ်နေရေး နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။
ဦးသန်းဆွေက တရုတ်နှင့် အဆင့်ပေါင်းစုံမှ ကူးလူးဖလှယ်မှုများ ပိုမိုရင်းနှီးစွာ ဆောင်ရွက်ရန်၊ စီးပွားရေး စင်္ကြံမူဘောင်အောက်တွင် စီမံကိန်းကြီးများ ပိုမို လျင်မြန်စွာ တည်ဆောက်ရန်၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ မြန်မာ-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုတွင် ပိုမိုများပြားသော အောင်မြင်မှုများ ရရှိဖို့ တွန်းအားပေးရန်နှင့် မြန်မာပြည်သူပြည်သားများအတွက် အကျိုးဆောင်ပေးရန် ဆန္ဒရှိကြောင်း၊ မြန်မာမှ မြန်မာနိုင်ငံရှိ တရုတ် ပရောဂျက်ဆိုင်ရာ ဝန်ထမ်းများ၏ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်ပေးပြီး မြန်မာ-တရုတ် နယ်စပ် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိရောက်စွာ ကာကွယ်ပေးကာ တရုတ်နှင့်အတူ နိုင်ငံ ဖြတ်ကျော်သော ရာဇ၀တ်မှုများကို လက်တွဲ တိုက်ဖျက်မည်ဖြစ်ကြောင်း ပြောကြားပါသည်။