သြဂုတ်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရပြီး ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် အမြဲတမ်း ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေ ပါဝင်ခြင်းအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ပြီး ပြည်တွင်း တည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရေးနှင့် နိုင်ငံရေး ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ဆက်လက် ထောက်ခံအားပေးရန် မျှော်လင့်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုကဲ့သို့သော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံက ဆန္ဒရှိပြီး တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အပြုအမူကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိက မြန်မာနိုင်ငံအပေါ်ထားရှိသော တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအပေါ် ဦးတည်ပြီး၊ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးမူကို စွဲကိုင်ကာ မြန်မာနိုင်ငံရေး အစဉ်အလာနှင့် ၎င်း၏ နိုင်ငံတော် အခြေအနေအရ မြန်မာနိုင်ငံမှ ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရိုသေလေးစားကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်း မငြိမ်မသက်မှုများ၊ စစ်ပွဲများဖြစ်ပွားခြင်းကို ဆန့်ကျင်ပြီး မြန်မာ့ပြည်တွင်းရေးကို ပြည်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကင်းကွာစေသောကြံစည်မှုများနှင့် တရုတ်နိုင်ငံကို မဟုတ်မမှန် ပုပ်ချပြောဆိုသော မည်သည့်စကားနှင့်လုပ်ရပ်မဆို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်လိုကြောင်း၊ Belt and Road ပူးပေါင်းတည်ဆောက်ရေး နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပရောဂျက်များကို လျင်မြန်စွာ ဆောင်ရွက်ပြီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ကောင်းမွန်စွာ လည်ပတ်ကာ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်၍ တရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေအတွက် ပိုမိုများပြား ကောင်းမွန်သော ရလဒ်များရရှိရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။