ဝမ်ယိ သည် မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဦးသန်းရွှေနှင့် တွေ့ဆုံ

(GMT+08:00)2024-08-15 14:50:35  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်တွင် မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဦးသန်းရွှေနှင့် တွေ့ဆုံ ခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ဦးသန်းရွှေ က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုး ပေါက်ဖော်နှင့် အိမ်နီးချင်းကောင်း ဖြစ်ပြီး နှစ်နိုင်ငံတို့သည် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြလျက်ရှိကြောင်း၊ ၄င်းမှာ မည်ကဲ့သို့ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံမှ တန်ဖိုးရှိသော ထောက်ခံမှုများကို ဆက်လက် ထောက်ပံ့ ပေးပြီး ပြင်ပအင်အားများ၏ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ထိန်းသိမ်းရန်၊ ပြည်တွင်း တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန် မြန်မာနိုင်ငံအား အကူအညီပေးရန် မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။

    ဝမ်ယိ က မိမိတို့အနေဖြင့် လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ပြည့်စုံရေး ကာကွယ်ထိန်းသိမ်းရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း ပြည်တွင်းကျေအေးရေးရရှိရန်၊ အထွေထွေရွေးကောက်ပွဲ ချောမောစွာကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် မြန်မာနိုင်ငံအား ထောက်ခံ မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်ပအင်အားများမှ မြန်မာနိုင်ငံအား ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ပေးသော ပြောဆိုပြုမူမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူပူအမျှ၊ အပြန်အလှန်ကူညီဖေးမသော စိတ်ဓာတ်ကို စွဲကိုင်ထားပြီး မြန်မာအစိုးရနှင့် ပြည်သူများ ယုံကြည်အားကိုးနိုင်သော မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။