ဩဂုတ်လ ၁၅ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် ဘရာဇီးသမ္မတ လူလာ တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြသည်။
ရှီကျင့်ဖိန်က တရုတ်နှင့် ဘရာဇီးတို့သည် အဓိက ဖွံ့ဖြိုးဆဲနိုင်ငံနှင့် အရေးပါသော ထွန်းသစ်စဈေးကွက်နိုင်ငံများဖြစ်ကြပြီး စိတ်တူကိုယ်တူ သူငယ်ချင်းကောင်းနှင့် လက်တွဲကာ ရှေ့သို့ ချီတက်နေသော မိတ်ဖက်ကောင်း ဖြစ်သည်ဟုပြောကြားပါသည်။
လူလာ က လွန်ခဲ့သည့် ရာစုနှစ်ဝက်အတွင်း ဘရာဇီး-တရုတ် ချစ်ကြည်ရင်းနှီးမှုသည် စဉ်ဆက်မပြတ် ခိုင်မာလာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုလည်း ပိုမိုများပြားလာကြောင်း၊ လာမည့်နှစ်ပေါင်း ၅၀ တွင် နှစ်နိုင်ငံဆက်ဆံရေးကို မိမိတို့အနေနှင့် လမ်းကြောင်းသစ်ဖွင့်ပြီး ကံကြမ္မာတူသည့် ထွန်းလင်းတောက်ပသောအနာဂတ်ကို တည်ဆောက်ဖို့ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် တရုတ်ဒုတိယသမ္မတ ဟန်ကျင့် နှင့် ဘရာဇီးဒုတိယသမ္မတ အယ်လ်ခမင် တို့လည်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။