CGTN စစ်တမ်း - တရုတ်-ဥရောပ ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်နေ၊ အီးယူရဲ့ ကုန်သွယ်မှု ကာကွယ်ရေးဝါဒကို ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူများက ဝေဖန်ခဲ့

(GMT+08:00)2024-08-14 14:29:10  

မကြာသေးမီက လျှပ်စစ်ကားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ကူးပြောင်းမှု ပူးပေါင်းဆောင်ရွက်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရုတ်နိုင်ငံက ဥရောပသမဂ္ဂ (အီးယူ) ရဲ့ လျှပ်စစ်ကားများဆိုင်ရာ ယာယီထောက်ပံ့ကြေး ဆန့်ကျင်ရေးအစီအမံ နဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အငြင်းပွားမှုဖြေရှင်းရေးယန္တရားထံ တိုင်ကြားခဲ့ပါတယ်။ China Media Group CGTN က ကမ္ဘာတစ်ဝန်းမှ အင်တာနက်အသုံးပြုသူများကို ကောက်ယူထားတဲ့ စစ်တမ်းမှာ အီးယူရဲ့ စည်းကြပ်ခွန်များတိုးမြှင့်ခြင်းလုပ်ရပ်က တရုတ်နဲ့ အီးယူအကြား သဘောထားကွဲလွဲမှုများကို မဖယ်ရှားနိုင်ရုံသာမကဘဲ အီးယူနဲ့ တစ်ကမ္ဘာလုံးရဲ့ မော်တော်ကားလုပ်ငန်း တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆိုးရွားတဲ့ ထိုးနှက်မှု ဖြစ်စေလိမ့်မယ်လို့ ဖြေဆိုသူ ၈၇.၅% က ထောက်ပြပါတယ်။

စျေးကွက်ပြိုင်ဆိုင်မှုနဲ့ လျင်မြန်တဲ့ နည်းပညာများ ထပ်တလဲလဲဖော်ထုတ်ခြင်းတို့ဟာ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကသော့ချက်ဖြစ်ပြီး အစိုးရရဲ့ထောက်ပံ့ကြေးတွေကို အားကိုးခြင်းကြောင့်မဟုတ်ဘူး လို့ စစ်တမ်းဖြေဆိုသူ ၇၈.၄၂% က ထောက်ပြခဲ့ပါတယ်။ စည်းကြပ်ခွန်များတိုးမြှင့်မှုကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ထပ်ဝန်ထုပ်ဝန်ပိုးများကို နောက်ဆုံးမှာတော့ ဥရောပစားသုံးသူများကပဲ ထမ်းထားရလိမ့်မယ်လို့ ဖြေဆိုသူ ၈၅.၁၄% က ယူဆပါတယ်။ ဒီလုပ်ရပ်က ဥရောပမော်တော်ကားလုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ပြင်းထန်စွာ အားနည်းလာစေပြီး တရုတ်-အီးယူ မော်တော်ကားလုပ်ငန်းကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုကို ပျက်ပြားစေလိမ့်မယ်လို့ ဖြေဆိုသူ ၈၀.၇၄% က ယူဆပါတယ်။

ကုန်သွယ်ရေး အပြန်အလှန်အကျိုးအမြတ်ရရှိမှု ရှုထောင့်မှဖြစ်စေ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် ပူးပေါင်းကြိုးပမ်းမှု ရှုထောင့်မှဖြစ်စေ တရုတ်နဲ့ အီးယူ နှစ်ဦးနှစ်ဖက်ရဲ့ ဘုံအကျိုးစီးပွားဟာ သဘောထားကွဲလွဲမှုများထက် သာလွန်နေပါတယ်။ စစ်တမ်းမှာ ကမ္ဘာတစ်ဝန်းမှ ဖြေဆိုသူ ၉၂.၅၃% က ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မတူညီသောနိုင်ငံများမှာ မတူညီတဲ့ နှိုင်းယှဉ်အားသာချက်များရှိပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းက ပြဿနာများကိုဖြေရှင်းရန်အတွက် အရေးပါလှတယ်လို့ ဆိုကြပါတယ်။ တရုတ်နဲ့ အီးယူ နှစ်ဦးနှစ်ဖက်က ဆွေးနွေးညှိနှိုင်းခြင်းဖြင့် လျှပ်စစ်ကားဆိုင်ရာ ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်းကြရန်၊ ကိုယ်ကျိုးစီးပွားကာကွယ်ခြင်း မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့ဖြေရှင်းမှုနည်းလမ်းများ ရရှိလာပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကုစားရေးအတွက် တည်ငြိမ်တဲ့ခွန်အား ဖြစ်လာစေရန် စစ်တမ်းဖြေဆိုသူ ၉၀.၈၄% က တိုက်တွန်းထားပါတယ်။

ဒီစစ်တမ်းကို CGTN ရဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ် နဲ့ ရုရှား ဘာသာစကားပလက်ဖောင်းတွေမှာ ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၁၂၀၃၂ ဦး ပါဝင်မဲပေးခဲ့ပြီး သဘောထားအမြင်များ ဖော်ပြခဲ့ပါတယ်။