ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် Fu Cong က ပြီးခဲ့သည့် သီတင်းပတ်တုန်းက ဂါဇာဒေသရှိ စာသင်ကျောင်းအား အစ္စရေးမှ တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ အရပ်သား တစ်ရာကျော် သေဆုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး တရုတ်ဘက်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ အရပ်သားများနှင့် အရပ်ဘက်သုံး အဆောက်အအုံများကို စစ်ဆင်ရေး ပစ်မှတ်အဖြစ် သတ်မှတ်၍ မရကြောင်း၊ ယင်းသည် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများတွင် သတ်မှတ်ထားသော အနီရောင်မျဉ်းကြောင်း ဖြစ်ကြောင်း၊ အရပ်သား အများအပြား စုဝေးကြသော စာသင်ကျောင်းများကို ကြိမ်ဖန်များစွာ တိုက်ခိုက်မှု ခံခဲ့ ရခြင်းသည် ဝမ်းနည်းဖွယ် ကောင်းကြောင်း၊ ရေရှည် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း အကောင်အထည် ဖော်ဆောင်ရေးသည် ဂါဇာရှိ ပြည်သူများ၏ အရေးတကြီး ဆန္ဒဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီး၏ သဘောတူညီမှုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Fu Cong က လွန်ခဲ့သည့်နှစ်လတုန်းက အမေရိကန်ဟာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၇၃၅ ကို တွန်းအားပေးသောအခါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက လက်ခံခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြောင်း၊ သို့သော် လက်တွေ့မှာတော့ အစ္စရေးက အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ ယုံကြည်လောက်သော အရိပ်အယောင် မတွေ့ရဘဲ အဆက်မပြတ် တိုးချဲ့လုပ်ဆောင်သော စစ်ဆင်မှုများနှင့် အရပ်သားများ သေဆုံးဒဏ်ရာ ရရှိမှု အဆက်မပြတ် တိုးများလာမှုကိုသာ တွေ့ရကြောင်း၊ အကြီးဆုံး လက်နက် ထောက်ပံ့သူ အနေဖြင့် အမေရိကန်သည် အစ္စရေးအပေါ် လုံလောက်သော သြဇာညောင်းမှု ရှိကြောင်း၊ အမေရိကန်အနေနှင့် တာဝန်ယူပြီး ရိုးသားစွာ လုပ်ဆောင်ကာ အစ္စရေး၏ ဂါဇာဒေသ၌ စစ်ဆင်ရေး ကို အမြန်ဆုံး ရပ်စဲရန်နှင့် အရပ်သားများအား သတ်ဖြတ်မှုကို ရပ်တန့်ရန် တွန်းအားပေးဖို့ကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။