လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နဝမ အကြိမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ သက်ဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ပေးနိုင်မလား။ တရုတ်ဘက်က ယခုအကြိမ် အစည်းအဝေး အပေါ် မည်သည့် မျှော်လင့်ချက်များကို ထားရှိသနည်း။ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည်နှင့် ပတ်သက်၍ မည်သည့် ဆောင်ရွက်ချက်များ ရှိသနည်းဟု သတင်းထောက်များက မေးမြန်းခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ် နိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့၏ အတူ ညှိနှိုင်းဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူ မျှဝေခံစားရေး ဖြစ်သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားသစ် ဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ်က စတင် လည်ပတ်ခဲ့သည့် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ် များစွာ ရရှိပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်း ဒေသရှိ နိုင်ငံ ၆နိုင်ငံတို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများကို အားကောင်းစွာ တိုးမြှင့်ကာ သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်သူများ အတွက် အကျိုးစီးပွားများကို လက်တွေ့ကျကျ ဆောင်ကြဉ်းလာခဲ့ကြောင်း ပြောကြားခဲ့သည်။
မကြာခင် နှစ်များတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် တရုတ်-ကမ္ဘောဒီးယား၊ တရုတ်-လာအို၊ တရုတ်-မြန်မာ၊ တရုတ်-ထိုင်း၊ တရုတ်-ဗီယက်နမ်တို့ အကြား ကံကြမ္မာတူ အသိုက်အဝန်းများကို တည်ဆောက်မည်ဟု ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့ပြီး လန်ချန်း-မဲခေါင် ဒေသတွင်းတွင် နှစ်ဖက် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ဘက်ပေါင်းစုံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပခြင်းဖြင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ လာမည့်အဆင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်း ချမှတ်၍ လန်ချန်း-မဲခေါင် ဒေသကို Belt and Road အရည်အသွေး မြင့်မားစွာ အတူ တည်ဆောက်ရေး၏ စံပြဇုန်၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် ဆိုင်ရာ ရှေ့ပြေးဇုန်၊ တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက် ဆိုင်ရာ စမ်းသပ်ဇုန်နှင့် တစ်ကမ္ဘာလုံး ယဉ်ကျေးမှု အဆိုပြုချက် ဆိုင်ရာ အကောင်းဆုံးသော ဇုန်များ အဖြစ် တည်ဆောက်ပြီး ပိုမို ရင်းနှီးသော လန်ချန်း-မဲခေါင် နိုင်ငံများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အားပေးရန် တရုတ်ဘက်က မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေး ကျင်းပမည့် အတောအတွင်း ထိုင်းနိုင်ငံဘက်မှ ဖိတ်ကြားချက် အရ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဒေသတွင်း အခြေအနေ၊ နိုင်ငံ ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်းလည်း ဖြေကြားခဲ့ပါသည်။