ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ကျမ်းသစ္စာကျိန်ဆို

(GMT+08:00)2024-08-09 16:28:10  

စီးပွားရေးပညာရှင် မူဟာမက်ဒ် ယူနွတ်စ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသည် မြို့တော် ဒါကာတွင် ဩဂုတ်လ ၈ ရက်နေ့ ညက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။  ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ် သမ္မတ မူဟာမက်ဒ် ရှယ်ဟာဘူဒင် ချူဖူ ၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သည်။ ကြားဖြတ်အစိုးရအဖွဲ့ဝင်များတွင် ထိပ်တန်း အကြံပေး အရာရှိ (ဝန်ကြီးချုပ်နှင့် ညီမျှ)ယူနွတ်စ် နှင့် အကြံပေး ၁၆ ဦးတို့ ပါဝင်သည်။

ယူနွတ်စ်သည် ထိုနေ့မွန်းလွဲပိုင်းတွင် ပြင်သစ်နိုင်ငံ ပါရီမြို့မှ ဒါကာမြို့သို့ ရောက်ရှိပြီးနောက် လေဆိပ်၌ မိန့်ခွန်းပြောကြားရာတွင် တရားဥပဒေနှင့် စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရေးသည် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းတာဝန်ဖြစ်ပြီး အစိုးရသစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့သို့ ဆက်လက်လျှောက်လှမ်းရန် အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။