၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဂျော်ဒန် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Safadi နှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို အဓိကထားကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
Safadiက ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် Ismail Haniyeh လုပ်ကြံသတ်ဖြတ်ခံရခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ တင်းမာမှု မှာ ပိုမိုပြင်းထန်လာပြီး အန္တရာယ် အလွန်ရှိကြောင်း ၊ ဂျော်ဒန်အနေဖြင့် တရုတ်နှင့် ရင်းနှီးစွာ ဆက်သွယ်မှုကို ထိန်းထားရန် ဆန္ဒရှိကြောင်း၊ တရုတ်အနေနှင့် အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် ပိုမို အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဟု မျှော်လင့်ပြီး ယုံကြည်ကြောင်း ပြောကြားသည်။
ဝမ်ယိက တရုတ်သည် လုပ်ကြံသတ်ဖြတ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်သည် အာရပ်နိုင်ငံများနှင့် ဆက်လက် အခိုင်အမာ ရပ်တည်သွားပြီး ဂါဇာဒေသ ဘက်စုံ ရေရှည် အပစ်အခတ်ရပ်စဲရေးအတွက် အကျိုးရှိသော ကြိုးပမ်းမှုများအားလုံးကို ထောက်ခံကာ ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမို ဆိုးဝါးသွားခြင်းကို ရှောင်ကြဉ်ရန်နှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အမြန်ဆုံး တည်ငြိမ်ပြေလျော့စေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။