ဖိလစ်ပိုင်သည် အမေရိကန်၏ သွေးဆောင် ဖြားယောင်းမှုကို ခေါင်းအေးအေးထား ဆင်ခြင်သုံးသပ်သင့်

(GMT+08:00)2024-08-02 13:23:17  

ဇူလိုင်လ လကုန်ပိုင်းတွင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးများ "၂+၂" တွေ့ဆုံဆွေးနွေးပွဲအသစ်ကို ကျင်းပခဲ့သည်။ ယင်းသည် ၂၀၁၃ ခုနှစ် ကစပြီး ဖိလစ်ပိုင်မှ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ဦးစီး ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီက တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ရင်အိုင် ကျောက်တန်း စီမံထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ယာယီ အစီအမံကို ရရှိခဲ့ပြီး တောင်ပင်လယ် အခြေအနေသည် ယာယီ ငြိမ်သွားခဲ့သည်။ သို့သော် အမေရိကန် အဖို့ တောင်ပင်လယ်နှင့် ပတ်သက်ပြီး "ငြိမ်" ဆိုတာကို မမြင်လိုပါ။ ဤအချက်သည် တွေ့ဆုံဆွေးနွေးပွဲမှ ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်ကနေ တွေ့မြင်နိုင်ပါသည်။

   ယင်းကြေညာချက်တွင် အမေရိကန်က ဖိလစ်ပိုင် အပေါ် လုံခြုံရေးဆိုင်ရာ ကတိပြုချက်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး အမေရိကန်နှင့် ဖိလစ်ပိုင်တို့ အနေနှင့် ဂျပန်၊ သြစတြေးလျနှင့် ကာကွယ်မှုနှင့် လုံခြုံမှု ညှိနှိုင်းခြင်းကို တစ်ဆင့်တိုး ဆောင်ရွက်ရန် ပန်ကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က အမေရိကန်သည် ဒေါ်လာ သန်း ၅၀၀ ကို ထောက်ပံ့ပေးပြီး ဖိလစ်ပိုင်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ပေးမည်ဟု ကြေညာခဲ့သည်။

   အမေရိကန်ဘက်မှ အကြောင်းရင်းသည် ဖိလစ်ပိုင်၏ တရုတ်ပြည်ဆိုင်ရာ မူဝါဒနှင့် တောင်ပင်လယ်ဆိုင်ရာ မူဝါဒကို ဂယက်ရိုက်ခတ်စေသည့် အကြီးဆုံးသော အကြောင်းရင်း ဖြစ်သည်ဟု အထက်ပါ ဖြစ်ရပ်တွေက ပြသနေသည်။ တောင်ပင်လယ် ရေးရာ၌ အမေရိကန်က ဖိလစ်ပိုင်အား ဆက်တိုက် သွေးဆောင် ဖြားယောင်းမှုနှင့် ဖိလစ်ပိုင်၏ တရားမဝင် ခံယူချက်အား ထောက်ခံမှုကြောင့်ပဲ ဖိလစ်ပိုင်က တရုတ်ပြည်အား ရန်စရန် လောဘဇောများ တိုးလာစေခြင်း ဖြစ်သည်။ ယင်းသည် လွန်ခဲ့သည့်နှစ်ကစပြီး ဖိလစ်ပိုင်က တရုတ်နိုင်ငံ၏ ရင်အိုင် ကျောက်တန်း၊ ဟွမ်ယန်ကျွန်း စသည့် ကျွန်းနှင့် ကျောက်တန်းများတွင် အကြိမ်ကြိမ် ရန်စ လုပ်ဆောင်မှု ပြုလုပ်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။ 

  အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ကတိပြုချက်များသည် လေထဲတိုက်အိမ်ဆောင်နေ သလိုသာ ဖြစ်ပြီး အကယ်၍ တရုတ်နှင့် ဖိလစ်ပိုင်ကြား ပဋိပက္ခ ဖြစ်ပွားပါက အမေရိကန်သည် ဖိလစ်ပိုင်အတွက် စွန့်စားပေးမည် လုံးဝ မဟုတ်ပေ။ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ် ထားသည့် နောက်ဆုံး ရည်မှန်းချက်သည် အမေရိကန်၏ ကမ္ဘာ တစ်ဝှမ်း၌ ဗိုလ်ကျစိုးမိုးရေးအတွက် ဖြစ်ပြီး ဖိလစ်ပိုင်အား ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ဘဲ ဖိလစ်ပိုင်အား ဆင်ခြင်မှု ကင်းမဲ့စွာနှင့် နိုင်ငံကြီးများ အားပြိုင်မှု၏ ရှေ့တန်းနေရာ ရှောက်စေမည်သာ ဖြစ်သည်။ အမေရိကန်၏ သွေးဆောင် ဖြားယောင်းမှုကို ရင်ဆိုင်လျက် ဖိလစ်ပိုင်သည် ခေါင်းအေးအေးထား ဆင်ခြင်သုံးသပ်သင့်ပြီဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။